ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ
ဘာအကြောင်းရင်းတွေက ဒီလမ်းကို ဦးတည်စေခဲ့သလဲ… ကျွန်မ စဉ်းစားမရပါ။
အိမ်ရှေ့တံခါးကို လော့ခ်ချခဲ့ရဲ့လား… အခါခါ ပြန်စဉ်းစားနေမိတယ်။ စိုက်ထားတဲ့ Memory card မမ်မိုရီကတ် တစ်ခုကို ဖြုတ်ထားသလိုမျိုး… မှတ်ဉာဏ်တွေက တစ်ကွက်ချင်းစီ ပျောက်ဆုံးနေတတ်တယ်။
စီးထားတဲ့ ဖိနပ်ကရော ဘယ်ညာမှန်ရဲ့လား။
ရာသီဥတုက ပူသလား၊ အေးနေသလား။
ကျွန်မရဲ့ တုံ့ပြန်မှုတွေ ကင်းမဲ့နေတယ်။
အိမ်ဘေးမှာ ဆော့နေတဲ့ ကလေးရဲ့ ဖိနပ်မြည်သံက ကျွန်မကို စိတ်တိုစေသတဲ့လား။ ဒေါသတွေနဲ့ နံရံကို တဒုံးဒုံး ထုမိတယ်။
စိတ်ဆတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့။ သာမန် ကတောက်ကဆ ဖြစ်မှုကနေ စတဲ့ မီးမြှိုက်မှုတွေက ချစ်ရတဲ့ အရာရာကို မကောင်းမြင်စိတ်တွေ ပေးနေတော့တာပဲ။
စာတွေ ဖတ်နေပေမယ့် စာလုံးတွေကို မမြင်တော့ဘူး။ တာဝန်အရ အသက်ရှူတယ်။ တာဝန်အရ မျက်တောင်ခတ်တယ်။ ဒီလက္ခဏာတွေ ရှိနေရုံမျှနဲ့ ကျွန်မကို အသက်ရှင်နေတယ်လို့ ဆိုလို့ရမလား။
တစ်စထက်တစ်စ အာရုံတွေက ပျံ့လွင့်လို့…
အရသာ မရှိတဲ့၊ မသိတဲ့ အစားအသောက်တွေကို စားနေမိတယ်။ မစားချင်ပါဘူး၊ စားချင်စိတ်လည်း မရှိဘူး။ ဒါပေမယ့် ကိုယ်အလေးချိန်က ဘာလို့ တိုးလာနေရတာလဲ။
အိပ်ပျော်သွားပြီးရင် နောက်နေ့မှာ ပြန်နိုးမလာချင်တော့တဲ့ မကြံကောင်းမစည်ရာ အတွေးတွေထဲမှာပဲ တဝဲလည်လည်။
လွတ်မြောက်ဖို့ ကြိုးစားချင်ပေမယ့် တစ်စုံတစ်ခုက ခြေထောက်ကနေ ရစ်ပတ်ပြီး ဆွဲချနေတယ်။
ကျွန်မ ထွက်ပြေးတယ်… လဲကျတယ်။
ပြန်ထပြေးတယ်… ပြန်လဲကျတယ်…။
ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ
ဘာအကြောင်းရင်းတွေက ဒီလမ်းကို ဦးတည်စေခဲ့သလဲ…
ကျွန်မ အခုထိတော့ စဉ်းစားလို့ မရသေးပါ။
ရွယ်
မတ် ၂၀၂၆
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

