MENU

ချက်ထီးလေး (သို့) ချက်စူခြင်း( Outie Belly Button )နှင့် ချက်မှအူကျွံခြင်း ( Umbilical hernia)

ချက်ထီးလေး (သို့) ချက်စူခြင်း( Outie Belly Button )နှင့် ချက်မှအူကျွံခြင်း ( Umbilical hernia)

ချက်ထီး ဆိုတဲ့အသုံးအနှုန်းကိုတော့ တော်တော်များများ ရင်းနှီးပြိီးသားဖြစ်ကြမယ်ထင်တယ်နော်။ ကလေးလေးတွေမှာ ချက်ထီးကလေး တွေ့ရရင်ပဲ ကျွန်တော်တို့မှာ ချက်စူကလေး….ချက်ထီးကလေး စသည်ဖြင့် အထူးအဆန်းကြည့်ကြရသေး…

တချို့ဆို ” ချက်စူ…. ဗိုက်ပူ “ စသဖြင့်တောင် နာမည်လေး ပေးတတ်ကြပါသေးတယ်။ ….????

စိတ်ဝင်စားစရာကောင်းတဲ့ ချက်ကလေးအကြောင်းပိုလို့ ပြောပြရရင် ….

မိခင်ကိုယ်ဝန်ဆောင်စဥ်မှာ မိခင်နဲ့ သန္ဓေသားကို ချက်ကြိုး (Umbilical cord) က ဆက်သွယ်ချိတ်ဆက်ပေးထားပါတယ်။ မီးဖွားပြီးပြီးချင်း ချက်ကြိုးဖြတ်တဲ့အခါ ကလေးဝမ်းဗိုက်အနားကနေ ကပ်မဖြတ်ရပါဘူး…ကလေးငယ်ရဲ့ဝမ်းဗိုက်နဲ့ လက်မအနည်းငယ် (လက်နှစ်လုံးခန့်)ခြားပြီးမှ ချက်ကြိုးကိုဖြတ်ရပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကလေးငယ်မှာရှိတဲ့ အဲ့ဒီ ချက်ကြိုးအကြွင်းအကျန်တန်းလန်းကလေးက ကြွေကျသွားတာပေါ့။

အဲ့နောက် ကလေးငယ်ရဲ့ ဗိုက်ပေါ်မှာ ကျန်ခဲ့တဲ့ အမာရွတ်နေရာကလေးကို ချက်ရယ်လို့ ဆိုကြတာ…. ဒါ့ကြောင့်….ချက်ကလေးဟာ မိခင်နဲ့ ရင်သွေးငယ်ရဲ့ပေါင်းကူးဆက်သွယ်ခဲ့မှုရဲ့ ပြယုဂ်တစ်ခုလို့ဆိုနိုင်ပါတယ်။

အဲ့ အမာရွတ် ချက်ကလေးကိုပဲ အရပ်အခေါ် အရဆိုရင် ဖောင်းဖောင်းမို့မို့ထွက်နေတဲ့ ချက်ကလေးကို ချက်ထီး၊ လူများစုမှာ ရှိတတ်တဲ့ အတွင်းဖက်ကို ချိုင့်နေတဲ့ ချက်ကလေးကိုတော့ ချက်မတဲ့….. ချက်ကိုတောင် အထီး၊ အမ ခွဲထားကြသေးတယ်နော်….

..

..

ချက်ထီးကလေးကို မငြူစူစေချင်????

ဟုတ်ပါတယ်… အပေါ်မှာရှင်းပြခဲ့သလိုပါပဲ… ချက်ထီးကလေးဟာ အပြင်ဖက်ကိုတိုးထွက်နေတဲ့ အမာရွတ်ကလေးတစ်ခုသာဖြစ်လို့ သူများချက်နဲ့မတူရလေလား ဆိုပြီး အပြစ်တင် မငြူစူလိုက်ပါနဲ့နော်….

ဒါဟာ ကိုယ့်ကိုမွေးပေးတုန်းက ချက်ကြိုးဖြတ်ပေးတဲ့ သားဖွားဆရာဝန်/ ဆရာမရဲ့ အမှားမဟုတ်သလို ကိုယ့်မိဘရဲ့ ဂရုမစိုက်မှုကြောင့်လည်းမဟုတ်ဘူးနော်… ချက်ထီးကလေးဟာ ပုံမှန်ပါပဲ။

..

..

✌️ ချက်စူကလေးလို့ ထင်ရစေနိုင်တဲ့ တစ်ချို့အခြေအနေကလေးတွေကတော့…

❗️ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဗိုက်ဖောင်းကြီးလွန်းလို့

❗️ရေဖျဥ်းစွဲ (Ascites) ဖြစ်တဲ့အခါ

❗️အသည်း၊ သရက်ရွက် စတဲ့ ကိုယ်တွင်းကလီစာတွေပုံမှန်ထက် ကြီးတဲ့အခြေအနေတွေမှာ…

ချက်ကလေးက မို့မို့ဖောင်းဖောင်း ဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေတွေ လွန်မြောက်ပြီးရင်တော့ မူလ ချက်ပုံစံအနေအထား ပြန်ရောက်ပါတယ်တဲ့။

✌️ဒီ သဘာဝရဲ့လက်ဆောင် ချက်စူကလေးကို မလိုချင်လို့ ခွဲစိတ်မှု (Umbilicoplasty- အလှအပရေးရာအတွက် ချက်ကိုခွဲစိတ်ပြုပြင်မှု) ပြုကြသူတွေလည်း အများအပြား ပါပဲတဲ့။

ကဲ….ချက်စူလေးကို ပေးစူလိုက်ပါ…. ကိုယ့်ရဲ့ ထူးခြားမှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြပါစေ…

ကိုယ့်ရင်သွေးငယ်လေးမှာရှိရင်လည်း ချက်စူကလေးကို တန်ဖိုးထားတတ်အောင် သူ့ကို ပြောပြပေးတတ်ပါစေနော်။

ဒါပေမယ့်

❗️ချက်မှအူကျွံခြင်း ( Umbilical hernia)

❗️ချက်တွင် granuloma အလုံးအကျိတ်တည်ခြင်း ( Umbilical granuloma) စတဲ့ အချို့သော ရောဂါ အခြေအနေတွေကြောင့်လည်း မွေးကင်းစကလေးတွေမှာ ချက်စူကလေး ဖြစ်တတ်ဆိုတာ သိထားရပါမယ်။

????ချက်မှ အူကျွံတယ်ဆိုတာ❓

ကလေးငယ်လေးရဲ့ ဝမ်းဗိုက်ထဲက အူတွေက ချက်​တစ်ဝိုက် ဝမ်းဗိုက်ကြွက်သားတွေရဲ့ အားပျော့တဲ့နေရာ ကနေတစ်ဆင့် တိုးထွက်တဲ့အခြေအနေကို အူကျွံတယ်လို့ ဆိုပါတယ်။

တစ်နှစ်အောက် ကလေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ အထူးတလည် ဒုက္ခပေးတတ်တဲ့အခြေအနေတစ်ခုတော့ မဟုတ်လှပါဘူး။ ဒါ့အပြင် အရွယ်ရောက်ပြီးသူတွေမှာလည်း ချက်အူကျွံတာ ဖြစ်တတ်ပါသေးတယ်။

???? သူ့ဘာသာ ဝမ်းဗိုက်ထဲနေနေတဲ့ အူကလေးတွေက ဘာလို့များ ဗိုက်ပေါ်တိုးထွက်ပြီး အူကျွံကြရသလဲနော်….

❗️ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ သန္ဓေသားလေးကို အာဟာရတွေထောက်ပံ့ဖို့၊ အောက်ဆီဂျင်ပေးပို့လဲလှယ်ဖို့၊ သွေးထောက်ပံ့ဖို့အတွက် ချက်ကြိုးကလေးက တဆင့် ချိတ်ဆက်ပေးရတယ်။ ဒီ ချက်ကြိုးကလေးက သန္ဓေသားကလေးရဲ့ ဝမ်းဗိုက်ကြွက်သားတွေမှာရှိတဲ့ အပေါက်ငယ်ကတစ်ဆင့် မိခင်နဲ့ ချိတ်ဆက်ပေးထားတာ။

ပုံမှန်အားဖြင့် အပေါက်ငယ်က ကလေးငယ် မွေးဖွားပြီးချင်းချင်းမှာ အလိုအလျောက် ပိတ်ရပါတယ်။ အပေါက်ကလေး မပိတ်တဲ့အခါ အဆိုပါအပေါက်ကနေပြီး ဝမ်းဗိုက်ထဲမှာရှိတဲ့ ကိုယ်တွင်းကလီစာ အူတွေ ကျွံကျရပါတော့တယ်။ ဒါဟာ ချက် (Umbilicus) တစ်ဝိုက်နားမှာ ကျွံကျတတ်လို့ Umbilical hernia (ချက်မှ အူကျွံခြင်း) ရယ်လို့ ဆိုကြပါတယ်။

❗️အရွယ်ရောက်ပြီးသူတွေမှာတော့ ဝမ်းဗိုက်တွင်း ဖိအားများစေတဲ့ အခြေအနေတွေ၊ ဝမ်းဗိုက်အားသုံးပြီးညှစ်ရတဲ့အခြေအနေတွေမှာလည်း ချက်ကနေ အူကျွံတတ်ပါတယ်။

✅အဝလွန်တာ

✅ကိုယ်ဝန်ဆောင်ချိန် (အထူးသဖြင့် အမွှာကိုယ်ဝန်လွယ်ချိန်)

✅ရေဖျဥ်းစွဲတာ (Ascites)

✅နာတာရှည် ကျောက်ကပ်ဆေးနေရသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

…..

လမစေ့၊ ပေါင်မပြည့် ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူအမျိုးသမီးတွေမှာ ပိုလို့အဖြစ်များလေ့ရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ကလေးငယ်လေးတွေမှာ ချက်အူကျွံတဲ့အခါ ချက်တစ်ဝိုက်မှာ အရေပြားပျော့ပျော့အလုံးကလေး (ကျွံနေတဲ့ အူထုပ်ကလေးပေါ့) မို့မို့ဖောင်းဖောင်းထိုးထွက်နေမယ်။ အားသုံးညှစ်ရတဲ့အခြေအနေတွေမှာ ပိုလို့ ထင်ထင်ရှားရှား တိုးထွက်လာနိုင်တယ်။ ချောင်းဆိုးတဲ့အခါ၊ အိီးပါလို့ညှစ်ရတဲ့အခါ၊ ငိုအားကြီးတဲ့အခါမျိုးတွေမှာပေါ့…

ကလေးငယ်လေးတွေမှာ ဖြစ်ရင်တော့ အများအားဖြင့် နာကျင်မှုခံစားရလေ့မရှိတတ်ဘူး။ လူကြီးတွေမှာဖြစ်ရင်တော့ ဝမ်းဗိုက်နာကျင်တာ၊ မအီမသာဖြစ်တာ စတဲ့ ပြဿနာ​တွေ ဖြစ်နိုင်ပါတယ်။

ပုံမှန်အားဖြင့် ကလေးငယ်အသက်ကြီးလာတာနဲ့အမျှ မို့မို့ဖောင်းဖောင်းကျွံနေတဲ့ အူထုပ်ကလေးက သေးသေးသွားပြီး အူကျွံထွက်နေတဲ့ အပေါက်ကလည်း ကျဥ်းကျဥ်းသွားတယ်…

ဒီလိုနဲ့ အူကျွံခြင်းအများစုဟာ တစ်နှစ်၊ နှစ်နှစ်ခန့်ကြာမြင့်တဲ့အခါ ပျောက်ကင်းသွားတတ်တယ်။

ကြီးကြီးမားမား ချက်အူကျွံတဲ့​ဖြစ်စဥ်တွေမှာတောင်ကလေးငယ်အသက် လေးနှစ်မတိုင်ခင်လောက်မှာ ပျောက်ကင်းတတ်တယ်ဆိုကြပါတယ်။

အကယ်၍ အသက် လေးငါးနှစ်အရွယ်ရောက်လို့မှ မပျောက်ရင်တော့ အသေးစားခွဲစိတ်ကုသမှု လိုကောင်းလိုလာနိုင်ပါတယ်။

….

….

အရေးပေါ်အခြေအနေလေးတွေ သိထားပါ

တိုးထွက်နေတဲ့ ကျွံနေတဲ့ အူထုပ်ကလေးက ဗိုက်ထဲလည်းပြန်ထည့်မရ၊ နောက် အူထုပ်ကလေးဟာ သူ့ကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေဆီကနေ သွေးထောက်ပံ့မှုမရတော့တဲ့အခါ အူထုပ်ကလေး ပုပ်သွားတာ ဖြစ်တတ်ပါတယ်။ အဲ့အခါ ဝမ်းဗိုက်နာကျင်မှု ဆိုးဆိုးရွားရွားခံစားရတာတွေဖြစ်လာနိုင်ပါတယ်။

အခန့်မသင့်ရင် ဒီအူပုပ်ကလေးကနေ ဝမ်းဗိုက်အနှံ့နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရောဂါပိုးပျံ့နှံ့ သွေးဆိပ်တက်တာတွေ အထိဖြစ်နိုင်သေးလို့

❗️အူကျွံတဲ့နေရာကလေးက နာကျင်မှုခံစားရရင်

❗️ပျို့အန်ရင်

❗️အူကျွံတဲ့နေရာတစ်ဝိုက် အရေပြားအရောင်ပြောင်းနေရင်၊ နီရဲရောင်ရမ်းနေရင် ဆရာဝန်နဲ့ ပြသကုသမှုခံယူပါ။

ဒီလို အူပုပ် ၊ အူပိတ်တဲ့ အခြေအနေတွေမှာ အရေးပေါ် ခွဲစိတ်မှု လိုကောင်းလိုလာနိုင်ပါတယ်။

အဲ့တော့….

ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးငယ်လေးမှာ ချက်အူကျွံတဲ့အခါ အထူးတလည် ပူပန်နေစရာမလိုဘဲ အချိန်ကြာသည်နှင့်အမျှ သူ့ဘာသာ ပျောက်ကင်းသွားမယ့် အချိန်ကို စောင့်ဆိုင်းကြရမယ်။ ပျောက်ချိန်တန်လျက် မပျောက်တဲ့အခါ အသေးစားခွဲစိတ်မှုကလေး လိုကောင်းလိုနိုင်တယ်ဆိုတာကိုလည်း သိနားလည်ထားပါ။

ဒီခွဲစိတ်မှုပြီးတဲ့နောက် အမာရွတ်ကြီးကြီးမားမားလည်း မကျန်ခဲ့တတ်တဲ့အပြင် ခွဲစိတ်ပြီးနောက် ရက်တွေမှာ ပုံမှန်အတိုင်း လှုပ်ရှားဆော့ကစားနိုင်တဲ့အတွက် အတော်လေး ဘေးကင်းစိတ်ချရတဲ့ အသေးစားခွဲစိတ်မှုကလေးတစ်ခုပါ ဖေဖေမေမေတို့ရေ…

ရင်သွေးငယ်ရဲ့ ချက်ကလေးက အူကျွံတဲ့အခါ အရေးပေါ်လက္ခဏာကလေးတွေ သိရှိမှတ်သားနိုင်ပါစေနော်

References ????

????John Murtagh’s Patient Education, Sixth Edition: Umbilical Hernia pg-66

????Healthline | Outie Belly Button

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#ချက်မှအူကျွံခြင်း#umbilicalhernia

#ချက်ထီး#ချက်စူ#outiebellybutton

Ministry of Health,

National Unity Government.

Published on: 8 January 2023
Last Updated: 8 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...