MENU

အစာအိမ် အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic Ulcer)

” အစာအိမ် အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic Ulcer) “

အစာအိမ် (သို့မဟုတ်) အူသိမ်အစပိုင်းရဲ့ အတွင်းမျက်နှာပြင်မှာဖြစ်တဲ့ အနာ (ဒါမှမဟုတ်) အပေါက်ကလေး ဖြစ်လာတာကို အစာအိမ်အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic ulcer)လို့ ခေါ်ပါတယ်။

အများစုက အူသိမ်အစပိုင်းမှာဖြစ်ပြီး အူသိမ်အနာ (duodenal ulcer)လို့ ခေါ် ပါတယ်။ တစ်ချို့က အစာအိမ်မှာဖြစ်ပြီး အစာအိမ်အနာ (gastric ulcer)လို့ ခေါ်ပါတယ်။

.

.

❓အစာအိမ် ၊ အူလမ်းကြောင်းမှာ ဘာလို့ အနာ ဖြစ်ရသလဲ

အစာအိမ်ရဲ့ အတွင်းမျက်နှာပြင်ကထွက်တဲ့ အစာခြေရည်မှာ အက်ဆစ်နဲ့ အစာခြေအင်ဇိုင်း pepsin တို့ ပါဝင်ပါတယ်။

အစာခြေအင်ဇိုင်း (Pepsin)က အစာထဲရှိ ပရိုတင်း (အသားဓာတ်)ကို ခြေဖျက်ပေးပါတယ်။

အစာခြေရည်တွေ များလာတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်း(duodenum) ရဲ့ အတွင်းနံရံတွေ တိုက်စားခံရတတ်ပါတယ်။

ပုံမှန်အားဖြင့် ဒီအတွင်းနံရံတွေကို ထူထပ်တဲ့ အချွဲအကျိ(mucus)အလွှာတစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ ဒီအလွှာ ပျက်စီးသွားရင် အနာဖြစ်နိုင်ပါတယ်။

အစာအိမ်မှာရှိတဲ့ Helicobacter pylori (H. pylori) အမည်ရ ဘက်တီးရီးယားကြောင့် ဒီအလွှာ ပျက်စီးတတ်ပါတယ်။

အဆစ်အမြစ်ရောင်တာ၊ နာကျင်ကိုက်ခဲတာမှာပေးတဲ့ အကိုက်အခဲပျောက်ဆေးတွေ ( non-steroidal anti-inflammatory drugs(NSAIDs)) ကြောင့်လည်း အစာအိမ် အူလမ်းကြောင်းအနာ (peptic ulcer) ဖြစ်နိုင်ပါတယ်။

.

.

❓Helicobacter pylori ဆိုတာ ဘယ်လို ဘက်တီးရီးယားလဲ

H. pylori ဆိုတာ…

(၁) အစာအိမ်အတွင်းဘက် မျက်နှာပြင်မှာနေတဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။

(၂) အစာအိမ်နဲ့ အူသိမ်ကို ရောင်ရမ်းစေနိုင်ပြီး အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer) နဲ့ အစာအိမ်ရောင်တာ(gastritis) တို့ ဖြစ်စေပါတယ်။

အသက် (၄၀) ကျော်အရွယ် လူဦးရေရဲ့ (၅) ပုံ (၂ ) ပုံဟာ H. pylori ကြောင့် အစာအိမ်ရောဂါ ဖြစ်ဖူးပေမယ့် ထူးထူးခြားခြား ပြဿနာမဖြစ်​တဲ့သူတွေ များပါတယ်။

အစာအိမ် အူလမ်းကြောင်းအနာ (Peptic ulcer) ဖြစ်တာသေချာရင်တော့ ကုသဖို့ လိုပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတစ်ချို့နဲ့ အနာကျက်စေမယ့် ဆေးတစ်မျိုးကို ပေါင်းစပ်ပြီး (၁)ပတ်ကနေ (၂)ပတ်အထိ သောက်ရပါတယ်။ အနာက (၈၀) မှ (၉၀) ရာခိုင်နှုန်းအထိ ပြန်ကောင်းနိုင်ပါတယ်။

.

.

????အစာအိမ်၊အူလမ်းကြောင်း အနာ (Peptic ulcer) ရဲ့ ရောဂါလက္ခဏာများ

တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့…

– ဝမ်းဗိုက်ရဲ့အပေါ်ပိုင်း နံရိုးအောက်နေရာမှာ နာတာ ၊ အောင့်တာ

– ရင်ပူတာ ၊ အစာမကြေဖြစ်တာ

– အစာအိမ်ထဲ အစာမရှိတဲ့အခါ ဗိုက်အောင့် တာ(hunger pain)

(အစာ ၂ ချိန်ကြားနဲ့ ညအခါတွေမှာ ဖြစ်တတ်ပါတယ်။)

.

တစ်ခါတစ်ရံမှာ…

– နောက်ကျော (လက်​ပြင်ရိုးနှစ်ခုကြား) နာကျင်တာ

– သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်တတ်ပါတယ်။

.

ရောဂါသေချာဖို့ အတွက်ဆိုရင် …

– အစာအိမ်မှန်ပြောင်းကြည့်တာ (gastroscopy)

– H. pylori test စစ်တာ လုပ်လို့ရပါတယ်။

.

.

❓ဘယ်သူတွေ ပိုဖြစ်နိုင်လဲ

အစာအိမ် ၊ အူလမ်းကြောင်းအနာတွေကတော့…

• ယောကျ်ားလေးတွေ

• လူငယ် ၊ လူလတ်ပိုင်းတွေ

• တစ်ချို့အကိုက်အခဲပျောက်ဆေးတွေကို ပုံမှန်သောက်နေရတဲ့သူတွေ (ဥပမာ – aspirin၊ cortisone၊ NSAIDs)

• ဆေးလိပ် ၊ အရက် အလွန်အကျွံသောက်သူတွေမှာ ဖြစ်နိုင်ပါတယ်။

– စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု များတဲ့သူတွေ

– မိသားစုမှာ အစာအိမ်အနာ ဖြစ်ဖူးတဲ့ သူတွေ ( အစာအိမ်အနာက မျိုးရိုးလိုက်တတ်တယ် လို့လည်း ဆိုကြပါတယ်)

– အို သွေး ပိုင်ရှင်များနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။

.

.

????ဖြစ်နိုင်လာတဲ့ အန္တရာယ်များ

အများစုဟာ ကုသဖို့ (ဒါမှမဟုတ်) ထိန်းချုပ်ဖို့ လွယ်ကူပါတယ်။

သွေးထွက်တာရှိရင်တော့ သွေးအားနည်းရောဂါဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။

အူသိမ်ဖက်မှာ ပေါက်သွားတာ ၊ ပိတ်သွားတာတွေလည်း ဖြစ်နိုင်ပါတယ်။

အစာအိမ်အနာ ( Gastric ulcer)ကနေ ကင်ဆာအဖြစ် ပြောင်းသွားတာတော့ ရှားပါတယ်။

.

.

❓ဘယ်လို ကုသရမလဲ

လူနာကိုယ်တိုင်ရှောင်လို့ရတာတွေက…

• ဆေးလိပ်မသောက်ပါနဲ့

• အရက်ကို အသင့်အတင့်ပဲ သောက်ပါ

• Aspirin၊ NSAIDs ကဲ့သို့သော အကိုက်အခဲပျောက်ဆေးတွေကို တကယ်မလိုအပ်ဘဲ မသောက်ပါနဲ့

• အစာကို တစ်နေ့ ၃ ကြိမ် ပုံမှန် စားပါ

• ညကို အဆာပြေစားစရာတွေ မစားပါနဲ

• ကိုယ့်အစာအိမ်နဲ့ မတည့်တဲ့ အစာအကုန်လုံးကို ရှောင်ပါ

• ပုံမှန် လုပ်ငန်းတွေကို ဆက်လုပ်ပါ။ သို့သော် စိတ်ဖိစီးမှုတွေ မများအောင် နေထိုင်သင့်ပါတယ်

• ရောဂါလက္ခဏာတွေသက်သာဖို့ အစာအိမ်ဆေး( Antacid)နဲ့ ဆရာဝန်ညွှန်ကြားထားသော ဆေးတွေကို သောက်ပါ။

• အစာအိမ်ဆေး( Antacid) နဲ့ နွားနို့ကြောင့် ဝေဒနာ သက်သာပါတယ်။

.

.

❓ဆေးခန်းပြသင့်၊ မပြသင့်

အစာအိမ် အူလမ်းကြောင်း အနာအတွက် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အစာအိမ်ဆေး (Antacid) တစ်မျိုးထဲနဲ့ မလုံလောက်ပါဘူး။ ယခုအခါ အစာအိမ်အနာတွေ ကုသဖို့ အထူးဆေးတွေ ရှိပါတယ်။

ခေတ်မီဆေးဝါးတွေ (အထူးသဖြင့် triple therapy က) အစာခြေရည်အထွက်ကို လျော့နည်းစေပြီး ဘတ်တီးရီးယားကောင် H. pylori ကိုလည်း ဆန့်ကျင်နိုင်ပါတယ်။ ဆေးညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့ လိုပါတယ်။ ဆေးနဲ့မရရင် နောက်ဆုံး ခွဲစိတ်လို့ ရပါတယ်။ ခွဲစိတ်မှုတွေကလည်း များသောအားဖြင့် ပြန်ကောင်းသွားကြတာများပါတယ်။

ဒါ့ကြောင့် အစာအိမ်၊အူလမ်းကြောင်းမှာ အနာဖြစ်ရင် မပေါ့ဆကြပါနဲ့.…. ကုသမှုခံယူပါလိုမှာချင်ပါတယ်။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.312

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#pepticulcer#အစာအိမ်အနာ#အူသိမ်အနာ

Ministry of Health,

National Unity Government.

Published on: 7 January 2023
Last Updated: 7 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...