MENU

ဓာတ်ဆားနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းအချို့ FAQs about Oral Rehydration Solution (April 2023)

ဒီတစ်ပတ်မှာတော့ ဓာတ်ဆားနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းအချို့ကို ဖြေပေးလိုပါတယ်။

.

၁။ ဓာတ်ဆားရည်သောက်တာ အမြဲကောင်းရဲ့လား၊ အန္တရာယ်ရှိသလား ?

ဓာတ်ဆားဟာ သုံးတတ်ရင် အသက်ကယ်ဆေး ၊ မသုံးတတ်ရင်တော့ ဘေးဥပဒ်ကို ဖြစ်စေပါတယ်။

ဓာတ်ဆား အချိုရည်တွေဟာ အသင့်သောက် (Royal D, Pocari Sweat, Sponsor) စတာတွေလာသလို ဓာတ်ဆားအမှုန့်ထုပ်ကို ရေနဲ့ပြန်ဖျော်ရတာ စသဖြင့်လည်း အမျိုးမျိုးလာကြပါတယ်။

၀မ်းသွားပြီး သွေးပေါင်ကျ ရှော့ဖြစ်ဆဲဆဲ လူနာအတွက်တော့ ဓာတ်ဆားဆိုတာ အသက်ကယ်ဆေးပါပဲ။

ဒါပေမယ့် ဓာတ်ဆားသောက်ပြီး ဘေးဖြစ်တဲ့ တစ်ချိန်တော့ ရှိပါတယ်။ အဲဒါကတော့ အချိုးအစား မှန်မှန်ကန်ကန် မဖျော်စပ်ရာကနေ အရမ်းပျစ်သွားတာမျိုးဆို (osmolarity) လို့ခေါ်တဲ့ အရည်ပျစ်အား အလွန်များသွားပြီး သွေးတွင်း ဆားဓာတ်တွေ ပိုကမောက်ကမဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။

.

၂။ ဓာတ်ဆားကို ဘေးမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ?

– ဓာတ်ဆားမှုန့်တော့ရှိတယ်၊ ရေက နည်းနည်းပဲရှိလို့ ရှိသလောက်နဲ့ ဖျော်လိုက်တာမျိုးကို မလုပ်ပါနဲ့။

– အမှုန့်တွေချည်း ထိုင်သောက်တာမျိုး၊ စားတာမျိုး မလုပ်ပါနဲ့။

– တစ်ထုပ်ကို ရေဘယ်လောက်နဲ့ ဖျော်ရမယ်ဆိုတဲ့ အချိုးအစားကို အထုပ်ပေါ်မှာရေးထားတဲ့အတိုင်းမှန်ကန်စွာ ထည့်ပါ။

– ရေတစ်လီတာနဲ့ ဖျော်ပါလို့ရေးထားတဲ့ အထုပ်မျိုး (BPI ဓာတ်ဆားတို့၊ Peditral အထုပ်ကြီးတို့) ကို တစ်လီတာရေသန့်ဘူးလိုမျိုးနဲ့ ရေနည်းနည်းလေးသာလျှော့ပြီး အမှုန့်တွေ အကုန်ရောဖျော်ပါ။ ရေသန့်ဘူးအသေးနဲ့ မှားမဖျော်မိပါစေနဲ့နော်။

.

၃။ ဓာတ်ဆားက ငန်ငန်ကြီးမို့ မသောက်ချင်ဘူး။ ဒီလိုမျိုး မသောက်ချင်ဘဲ မိမိကျန်းမာရေးအတွက် ဓာတ်ဆားသောက်ဖို့ လိုအပ်နေရင် ဘယ်လိုဖြေရှင်းကြမလဲ ?

ကလေးတွေရော လူကြီးတွေပါ ဓာတ်ဆားသောက်ရမယ်ဆို နှာခေါင်းရှုံ့ကြပါတယ်။ နေမကောင်းဖြစ်တဲ့အချိန် အတင်းကြိုးစားသောက်ရတဲ့အရာဆိုပြီး စိတ်အမှတ်က ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။

ဓာတ်ဆားများများသောက်ဖို့ ညွှန်ကြားလာပြီဆိုရင် ဆရာ၀န်ကို အရသာနဲ့ဓာတ်ဆားထုပ် သောက်လို့ရလား ပြန်မေးပါ။ နောက်ပြီး အသင့်သောက် juice တွေ ၊ အခြား အရည်များများဖြစ်စေတဲ့အရာတွေရော ရလား (ဥပမာ – ကြေးအိုးတို့၊ စွတ်ပြုတ်တို့၊ မိုင်လိုတို့ လိုဆိုရင်ရော) လို့ ပြန်မေးပါ။

အဖြေက “ရက်စ်” လို့ ပြန်ပေးရင်တော့ ဆရာ၀န်က မိမိကို အရည်များများ သောက်စေချင်ရုံပဲမို့ မိမိ ကြိုက်နှစ်သက်ရာ အရည်ကို သောက်ပါ။ နို့အေးတွေ၊ ဘာဘယ်တီးလို အချိုရည်တွေ၊ မိုင်လို၊ အိုဗာတင်းတွေအပြင် စွတ်ပြုတ်တွေ၊ ဟင်းချိုတွေ များများသောက်ရင်ကို ပြန်ပြီး fit ဖြစ်နိုင်ပါတယ်။

ကော်ဖီ လက်ဖက်ရည်နဲ့ energy drink တွေကတော့ ရင်တုန် အိပ်မပျော်ဖြစ်စေလို့ နေမကောင်းချိန်မှာ မသောက်သင့်ပါဘူး။

.

၄။ ဓာတ်ဆားဆို BPI ဓာတ်ဆားမှ ကောင်းတာလား ?

ဒီအယူအဆကတော့ ကလေးမေမေတွေက စေတနာဇောနဲ့ တိုက်၊ ကလေးတွေက ဂျီကျ ထွက်ပြေး တိုက်မရနဲ့ ပုလင်းချိတ်ရတဲ့အဆင့်ထိရောက်၊ ဒါမျိုးတွေအထိ ဖြစ်တာမျိုးတွေ ကြုံဖူးပါတယ်။ မကြာခင် မိုးကျလာတာနဲ့အမျှ သွေးလွန်တုပ်ကွေးဖြစ်နိုင်တာလည်း မေ့ထားလို့ မရပြန်ပါဘူး (ခေတ်ပျက်ထဲ ကိုယ့်ကိုယ်ကို ဂရုတစိုက် ကြည့်ရှုစောင်မနေမှ ဖြစ်ချေမယ်)

ဓာတ်ဆားတိုက်တဲ့အခါ အရသာထည့်ထားတဲ့ ဓာတ်ဆားမျိုးကိုလည်း သောက်လို့ရ၊ တိုက်လို့ရပါတယ်။

တချို့ဓာတ်ဆားတွေက BPI ဓာတ်ဆားနဲ့ ဖော်မြူလာတူတူပါဘဲ။ အဲဒီတော့ လိမ္မော်အရသာတို့၊ သံပုရာ အရသာတို့ ပါတာလေးတွေ ရွေး၀ယ်သောက်နိုင်ပါတယ်။ အဓိကက အချိုးအစားမှန်မှန်နဲ့ ဖျော်ဖို့ပါပဲ။

.

၅။ ဓာတ်ဆားအမှုန့်ထုတ်တွေနဲ့ အသင့်သောက်အရည်တွေဟာ တူတူပဲလား ?

မှားပါတယ်။

အသင့်သောက်အရည်ဘူးတွေဟာ သကြားဓာတ် ပိုပြီးပါ၀င်ကြတာ များပါတယ်။ အထူးသဖြင့် အရောင်ရှိတဲ့ ဓာတ်ဆားရည်တွေပါ။

ဥပမာ ပြောရရင် 100 plus ငွေရောင်နဲ့ ခရမ်းရောင်ကို ယှဥ်ကြည့်ကြပါစို့….

ငွေရောင်ကို အရောင်သီးသန့် မပါဘူးလို့ သတ်မှတ်လို့ရပါတယ်။ သူ့မှာ ပါ၀င်တာက ပုံမှန်ရိုးရိုးဓာတ်ဆားမှုန့်ထုပ်ရဲ့ ပါ၀င်မှုနဲ့ တူတူပါပဲ။ ပိုသွားတာဆိုလို့ သောက်ကောင်းအောင် ဂတ်စ် ထည့်တာတော့ရှိတာပေါ့။

ဒါပေမယ့် အရောင်ပါဝင်နေတဲ့ စပျစ်အရသာတို့၊ လိမ္မော်အရသာတို့ဆို ပုံမှန်ဓာတ်ဆားထုပ်ရဲ့ ဖော်မြူလာမှာပါတဲ့ သကြားထက် ပါ၀င်မှုက ၂ ဆ လောက်ရှိပါတယ်။

ချွေးထွက်များလို့၊ နုံးနေလို့ ဓာတ်ဆားလေး သောက်မယ်ဆိုပြီး လူနာတွေက Royal D အ၀ါရောင်တို့၊ 100 plus အရောင်နဲ့တို့၊ Sponsor တို့ သောက်မိတတ်ကြပါတယ်။ ဒီအရာတွေဟာ သကြားပါ၀င်မှု ရှိသင့်တာထက်များလို့ သောက်လိုက်တဲ့အခါ သွေးတွင်းအချိုဓာတ် ဆောင့်တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဆီးချိုလူနာတွေနဲ့ အသည်းအဆီဖုံးလူနာတွေမှာ ပုံမှန်ဓာတ်ဆားထုပ်ကိုသာ ဖျော်သောက်ကြပါ။ အသင့်သောက်အရည်တွေဟာ သွေးတွင်းအချိုဓာတ်ကို လွန်ကဲစေနိုင်ပါတယ်။

ဒါ့အပြင် တံဆိပ်တူပေမယ့် အထုပ်နဲ့ အသင့်သောက်အရည်ဘူး ကွာတာမျိုးလည်း ရှိပါတယ်။

Royal D အထုပ်ဆို တစ်ထုပ်ကို ရေ ၂၅၀ မီလီလီတာ ဖြစ်အောင်ဖျော်ရပါတယ်။ ဒါပေမယ့် ဒီလိုအထုပ်က (အရောင်ပါပေမယ့်) ရိုးရိုး BPI ဓာတ်ဆားက ပါဝင်မှုနဲ့ အချိုးအစားတူလို့ ဆီးချိုလူနာတွေ ဓာတ်ဆားသောက်ဖို့လိုအပ်လာရင် သောက်လို့ရပါတယ်။

အသင့်သောက် Royal D ဖျော်ရည်ဘူးကတော့ 400 ml တစ်ဘူးမှာ ကစီဓာတ် (၄၅) ဂရမ် ပါဝင်နေလို့ အမှုန့်ထုပ်ကို ဖျော်တာနဲ့ယှဥ်ရင် သကြား (၂) ဆ ဖြစ်နေလို့ ဆီးချိုလူနာတွေတော့ မသောက်သင့်ပါ။

.

၆။ ဓာတ်ဆားဟာ သကြားပါလို့ ဆီးချိုရှိရင် သောက်လို့မရဘူးလား ?

ဓာတ်ဆားတစ်ထုပ်ရဲ့ ဖော်မြူလာမှာ သကြား (glucose) ၊ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ပါ၀င်ပါတယ်။ ရှိသင့်တဲ့ ပမာဏအနည်းငယ်ကိုသာ ထည့်ထားတာမို့ ဓာတ်ဆားသောက်လို့ ဆီးချိုဆောင့်တက်သွားတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ၀မ်းသွားရင် ၀မ်းသွားသလောက်၊ ချွေးထွက်များလွန်းရင် (၅၀၀) မီလီလီတာထက်မပိုအောင် သောက်တယ်ဆို စိတ်ပူစရာမရှိပါဘူး။

.

၇။ ဓာတ်ဆားဟာ အငန်ဓာတ်မို့ သွေးတိုးလူနာ ပိုသွေးတိုးစေပါသလား။

သွေးပေါင်ကျနေတဲ့ လူနာမှာ ဓာတ်ဆားဟာ သွေးပေါင်ကို တက်အောင်လုပ်ပေးပါတယ်။ ဆိုဒီယမ်ပါ၀င်လို့ သွေးတိုးလူနာတွေမှာ လိုအပ်တဲ့အခါမှသာ သောက်သင့်ပါတ​ယ်။

ဒါပေမယ့် ၀မ်းလျောလူနာမှာ သွေးတိုးပါရှိတယ်ဆိုပြီး ဓာတ်ဆားမသောက်ဘဲ တင်းခံတာမျိုးတော့ မလုပ်သင့်ပါဘူး။ ၀မ်းသွားထားသလောက်တော့ ပြန်သောက်လို့ရပါတယ်။ ချွေးထွက်အရမ်းများလို့ နုံးတယ်၊ ခြေလက်တွေ ကပ်တယ်ဆိုတာမျိုး ဖြစ်လာရင်လည်း သွေးပေါင်ချိန်ကြည့်ပြီး တအားသွေးတိုးတာ (အပေါ်သွေး ၁၈၀) လောက် ဖြစ်တာမျိုးမဟုတ်ရင် သောက်နိုင်ပါတယ်။

..

..

*** စစ်ရှောင်ဒေသတွေနဲ့ အခြား ဓာတ်ဆားထုပ် အလွယ်တကူ မရရှိနိုင်တဲ့ ဒေသတွေမှာ သကြား လက်ဖက်စားဇွန်း (၆) ဇွန်းနဲ့ ဆား လက်ဖက်စားဇွန်းရဲ့ တစ်၀က်ကို သန့်ရှင်းတဲ့ရေ တစ်လီတာနဲ့ ဖျော်ပြီး ဓာတ်ဆားရည်ကို ဖန်တီးနိုင်ပါတယ်….။

အာဟာရ ဆရာ၀န်တစ်ဦး

Reference : ???? https://www.healthline.com/health/oral-rehydration-solution#seeking-medical-help

Ministry of Health,

National Unity Government.

Published on: 15 April 2023

Last updated: 15 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...