MENU

NSAID လို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ “ NSAIDs- Pain Killers” (May 2023)

အရွယ်ရောက်ပြီးသူ တော်တော်များများဟာ pain killers လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့တော့ ရင်းနှီးကြမှာပါ။ ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်တိုင်း diclo, paracetamol စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူ သောက်နေကြသူတွေကိုလည်း တွေ့ဖူးကြမှာပါ။

တချို့ကလည်း ဆရာဝန်တွေ ညွှန်ကြားထားတဲ့အတိုင်း သောက်ကြပေမယ့်၊ တချို့ကျတော့ ရပ်ကွက်က စပ်ဆေးတွေကို အလွယ်ဝယ်သောက်ကြပါတယ်။

အဲဒီလို စပ်ဆေးတွေထဲမှာ NSAID လို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေအပြင် dexa ဆိုတဲ့ steroid တွေနဲ့ တွဲပြီးပေးလေ့ရှိကြပါတယ်။

Dexa ဆိုတဲ့ steroid ကိုတော့ covid third wave မှာကတည်းက ကြားဖူးနားဝရှိကြတော့ တော်တော်များများလည်း ရင်းနှီးကြမယ် ထင်ပါတယ်။ Steroid ဆိုတဲ့ဆေးက ကောင်းကျိုးအများကြီးရှိပေမယ့် မလိုအပ်ဘဲ သုံးမိတဲ့အခါ လူကို အန္တရာယ်အများကြီး ဖြစ်စေပါတယ်။

(steroid အကြောင်းကို အကျယ်ရေးထားတဲ့ ပိုစ့်ကိုလည်း တယ်လီကျန်းမာမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ – steroids အကြောင်း ဖတ်ရန်)

အခုပိုစ့်မှာတော့ အကိုက်အခဲပျောက်ဆေး NSAID ရဲ့ ဆိုးကျိုးတွေကို အဓိက ပြောပြချင်ပါတယ်။

..

..

ဆိုးကျိုးတွေမပြောခင်မှာ NSAIDs ဆိုတာ ဘာလဲဆိုတာ အရင်ဆုံးပြောပြချင်ပါတယ်။

NSAIDs ဆိုတာ အကိုက်အခဲပျောက်အောင်၊ ရောင်ရမ်းမှုတွေကျအောင် သုံးတဲ့ဆေးဖြစ်ပါတယ်။ လူသုံးများတဲ့ ဆေးတွေကတော့ diclofenac, aspirin, celecoxib, ibuprofen, naproxen, ketofenac စတဲ့ဆေးတွေဖြစ်ပြီး ဈေးကွက်ထဲမှာတော့ brand name မျိုးစုံနဲ့တွေ့ရသလို ဆေး ၂ မျိုးပေါင်းထားတဲ့ အကိုက်အခဲပျောက်ဆေးတွေလည်း ရှိပါတယ်။

..

..

NSAID or Painkillers ရဲ့ ဆိုးကျိုးများ

——————————————————

ပုံမှန်အားဖြင့် အကိုက်အခဲပျောက်ဆေး သောက်တဲ့သူတိုင်းတော့ ဆိုးကျိုးတွေကို ခံစားရလေ့မရှိပါဘူး။ ဒါပေမယ့် ပမာဏ အများအပြားသောက်သုံးတဲ့သူတွေ၊ ပဲကြီးလှော်ဝါးသလို ရေရှည်သုံးစွဲကြတဲ့သူတွေ၊ နောက်ပြီး အစာအိမ်ရောဂါနဲ့ တစ်ခြားရောဂါအခံရှိသူ၊ အသက်အရွယ်ကြီးသူတွေဆိုရင်တော့ ဆေးရဲ့ဆိုးကျိုးတွေကို ပိုခံစားရတတ်ပါတယ်။

.

(၁) အစာအိမ်ကို ထိခိုက်စေခြင်း

အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နံရံကို ပါးစေပြီး အစာအိမ်သွေးယိုခြင်းကို ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုရင် အကိုက်အခဲပျောက်ဆေး အများစုဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Prostaglandins လို့ခေါ်တဲ့ chemical compound တစ်မျိုးကို တားမြစ်လိုက်ခြင်းကတစ်ဆင့် အစာအိမ်အတွင်း အက်စစ်တွေကို ပိုထွက်စေတဲ့အပြင်၊ အက်ဆစ်ဒဏ်ကို ကာကွယ်ပေးနေတဲ့ အလွှာကိုပါ ပါးသွားစေတာကြောင့်ပါ။ ဒါကြောင့်မို့ အထူးသဖြင့် အစာအိမ်ရောဂါရှိသူတွေဆို အစာအိမ်် အနာဖြစ်တာ၊ အစာအိမ်သွေးကြောပေါက်ပြီး သွေးအန်တာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။

ဒါ့အပြင်် အပြင်ကစပ်ဆေးတွေနဲ့ တွဲသောက်တဲ့အခါ အပြင်းစား အကိုက်အခဲပျောက်ဆေးအပြင် Dexa လို steroid ဆေးနဲ့ ၂ မျိုးပေါင်းပြီးပါတာကြောင့် အစာအိမ််ကို ပိုပြီးထိခိုက်စေနိုင်ပါတယ််။

ဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်တဲ့အခါ အစာတစ််ခုခုစားပြီး အစာအိမ်ဆေးတစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။

အကယ်၍ အကိုက်အခဲပျောက်ဆေးသောက်ပြီး ရင်ခေါင်းအောင့်တာ၊ ဝမ်းမည်းမည်းသွားတာ၊ သွေးအန်တာမျိုးရှိရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

.

(၂) ကျောက်ကပ်ကို ထိခိုက်စေခြင်း

အကိုက်အခဲပျောက်ဆေးကို ရေရှည်သုံးစွဲရင် ကျောက်ကပ်လုပ်ဆောင်မှု အားနည်းပြီး နောက်ဆုံးမှာ ကျောက်ကပ် ပျက်စီးတတ်ပါတယ် ။

.

(၃) အသည်းကို ထိခိုက်ခြင်း

Paracetamol နဲ့ အချို့သော အကိုက်အခဲပျောက်ဆေးတွေက သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး သောက်သုံးမိရင် အသည်းရောင်ခြင်းနဲ့ အသည်း Enzymes မြင့်တက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

.

(၄) အခြားဖြစ်နိုင်တဲ့ ဆိုးကျိုးများ

ဒီ side effects တွေကတော့ ဖြစ်နိုင်ခြေနည်းတဲ့ ဆိုးကျိုးတွေ ဖြစ်ပါတယ်…

** ယခုနောက်ပိုင်း တွေ့ရှိချက်တွေအရ အကိုက်အခဲ ပျောက်ဆေး သောက်သုံးတဲ့လူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါ ခံစားရနိုင်ခြေ ပိုများတယ်လို့ တွေ့ရှိထားပါတယ် **

** ပန်းနာရင်ကျပ်ရောဂါရှိသူတွေရဲ့ ၁၀ % မှာဆိုရင် NSIADs သောက်တဲ့အခါ ရင်ကျပ်တဲ့ asthma ရောဂါ လက္ခဏာ ခံစားရတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ asthma ရောဂါအခံရှိသူတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးသောက်အပြီး အဆိုပါလက္ခဏာပေါ်ပေါက်လာရင် ဆေးကိုချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ် **

.

(၅) Minor side effects

တခြား ဖြစ်လေ့ရှိတဲ့ side effects တွေကတော့…

– ခေါင်းကိုက်ခြင်း

– ပျို့ချင် အန်ချင်ခြင်း

– ခန္ဓာကိုယ်မှာ အနီကွက်များ ပေါ်ခြင်း

– အိပ်မပျော်ခြင်း

– ဆေးမတည့်ခြင်း…စတာမျိုးတွေ ဖြစ်တတ်ပါတယ်။

..

..

????အခုပြောပြထားတဲ့ ဆိုးကျိုးတွေ ခံစားရတာနည်းအောင် ဘယ်လိုသောက်ကြမလဲ ?

– ရောဂါလက္ခဏာ မပြင်းထန်ရင် အကိုက်အခဲပျောက်ဆေးကို သောက်ဆေးအစား လိမ်းဆေးလူးပေးတာမျိုး အရင်ဆုံးပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာမျိုး၊ physiotherapy လုပ်တာမျိုး အရင်ဆုံးလုပ်ပေးသင့်ပါတယ်။

– အကိုက်အခဲပျောက်ဆေး သောက်မယ်ဆိုရင် ဆိုးကျိုးနည်းတဲ့ paracetamol လိုဆေးမျိုးက စပြီး သောက်သင့်ပါတယ်။

– ဆေးသောက်တဲ့အခါ အစာစားပြီးမှ သောက်တာ၊ အစာအိမ်ဆေးနဲ့ တွဲပြီးသောက်တာမျိုး လုပ်သင့်ပါတယ်။

– အကိုက်အခဲပျောက်ဆေးကို အရက်နဲ့တွဲသောက်တာမျိုး လုံးဝ ရှောင်ကြဥ်ရပါမယ်။

– မိမိမှာ အစာအိမ်ရောဂါရှိတာ၊ သွေးကျဲဆေး (ဒါမှမဟုတ်) အခြားသောဆေးဝါးတွေ သုံးစွဲနေရတာမျိုးရှိရင် ဆရာဝန်ကို အရင်ဆုံးပြောပြပြီးမှ သောက်သုံးသင့်ပါတယ်။

– အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်တာမျိုးသာ ဖြစ်သင့်ပါတယ်။

Ministry of Health,

National Unity Government.

Published on: 6 May 2023

Last updated: 6 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ‎‎ဖြစ်စဥ် (၁) - မနက်ခင်းမှာ ကော်ဖီသောက်ဖို့ မီးဖိုချောင်ကို ဝင်လိုက်တယ်။ တံခါးဝရောက်တော့မှ "ငါ ဘာလာလုပ်တာပါလိမ့်" ဆိုပြီး ဖြစ်သွားတယ်။ ကော်ဖီခွက်က လက်ထဲမှာရှိနေတယ်။ ရေနွေးအိုးကိုလည်း မြင်‌နေရတယ်။ ဒါပေမယ့် ဦးနှောက်က ဘာလုပ်ရမှန်း မသိတော့ဘူး။‎‎ဖြစ်စဥ်...

အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎

‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။ တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ...

Endorphins သိုမဟုတ် နာကျင်မှုတွေကြားက အပြုံးပန်းတစ်ပွင့်‎

ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သူအသည်းကွဲတုန်းကအကြောင်းကို ပြန်ပြီးဖောက်သည်ချပြပါရစေ။‎‎အရင်က သူဟာ အားကစားဆို ဝေးရော။ လမ်းလျှောက်တာလေးလောက်ကိုတောင် မလုပ်ချင်တဲ့သူပါ။ ဒါပေမယ့် အသည်းကွဲပြီးနောက်ပိုင်း နေမရထိုင်မရ ဖြစ်နေရှာတာနဲ့ "စိတ်ထွက်ပေါက်အဖြစ် Gym လေးသွားဆော့ကြည့်ပါလား" လို့ ကျွန်တော်က အကြံပေးလိုက်ပါတယ်။‎‎အစပိုင်းမှာတော့ သူက ညည်းပါတယ်။ "တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ မသွားချင်တော့ဘူး" လို့...

‎မှီခိုလွန်းသော စရိုက် (Dependent Personality Trait)

လူသားတစ်ဦး၏ စိတ်နေစရိုက် ဖွံ့ဖြိုးမှုတွင် ကလေးဘဝသည် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါသည်။ ထိုအုတ်မြစ်ကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးနားလည်မှု၊ ဂရုစိုက်ကြင်နာမှုတို့ဖြင့် တည်ဆောက်ရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိဘများ၏ "အလိုလိုက်မှု လွန်ကဲခြင်း" နှင့် "အကာအကွယ်‌ပေးမှု လွန်ကဲခြင်း" ကြောင့် ကလေး၏ ကိုယ်ပိုင်ရပ်တည် ရှင်သန်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။‎‎အရွယ်ရောက်ပြီးသော်လည်း...