MENU

နာတာရှည်ကိုဗစ် (Long COVID) (သို့မဟုတ်)ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ (Post-COVID-19 conditions)

“နာတာရှည်ကိုဗစ် (Long COVID) (သို့မဟုတ်)
ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ (Post-COVID-19 conditions)”

ကိုဗစ်ဖြစ်ပြီးလို့ သုံးလကျော်ကြာလာတာတောင် နေလို့မကောင်းသေးဘူး….အသက်ရှူမဝသလိုဖြစ်ပြီး နုံးခွေနေတယ်၊ ကိုဗစ်ဖြစ်ပြီးတာ တစ်လကျော်နေပြီ…ချောင်းကဆိုးနေတုန်းပဲ စတဲ့လက္ခဏာတွေရဲ့ အဓိကအကြောင်းရင်းကတော့ နာတာရှည်ကိုဗစ် (Long COVID) ဖြစ်နိုင်ပါတယ်။

ကိုဗစ် (၁၉) ကူးစက်ခံရသူ အများစုဟာ ရက်ပိုင်းအတွင်း ပြန်လည်နေကောင်းသွားတတ်ကြပြီး၊ တချို့ကတော့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ရှင်းရှင်း နေကောင်းကြပါတယ်။ အများစုကတော့ သုံးလအတွင်း ရှင်းရှင်းပျောက်ကင်းကြပါတယ်။

ဒါပေမယ့် အချို့အချို့သောသူများမှာတော့ ရောဂါလက္ခဏာတချို့ကို လအတော်ကြာကနေ နှစ်ချို့တဲ့အထိ ဆက်ရှိနေတာ၊ လက္ခဏာတွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကို ခံစားကြရတတ်ပါတယ်။

အဲဒီလိုဖြစ်တဲ့အခြေအနေကို နာတာရှည်ကိုဗစ် (Long COVID) (သို့မဟုတ်) ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ (Post-COVID-19 conditions) လို့ ခေါ်တတ်ကြပါတယ်။
.
.

???? အဖြစ်များတဲ့ Long COVID လက္ခဏာများ

လက္ခဏာအမျိုးအစားပေါင်း (၂၀၀) ကျော်ရှိပြီး တစ်ဦးနဲ့တစ်ဦးကွဲပြားနိုင်သလို တစ်ဦးတည်းမှာလည်း ရောဂါလက္ခဏာ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါ့အပြင် ရောဂါကြာရှည်တဲ့ကာလတွေလည်း ကွဲပြားကြပါတယ်။

???? အဖြစ်များဆုံး လက္ခဏာသုံးခုကတော့ ….

(၁) အသက်ရှူခက်ပြီး အသက်ရှူမဝခြင်း

(၂) အာရုံစူးစိုက်မရခြင်း၊ တစ်ခုခုကိုတွေးလျှင် တွေးမရဖြစ်ခြင်း၊ သတိမေ့ခြင်း (Brain fog)

(၃) အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း

တချို့ဆို နိစ္စဓူဝလုပ်ဆောင်စရာတွေကိုပါ ထိခိုက်ပါတယ်။ ကိုယ်အားစိုက်၊ စိတ်အားစိုက်ပြီး လုပ်စရာတစ်ခုခုလုပ်ပြီးရင် ပိုဆိုးတတ်ပါတယ်။
.

???? အခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့….

– ကိုယ်ပူပြီး အဖျားတက်ခြင်း

– ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာပိတ်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– အသက်ရှူမြန်၊ နှလုံးခုန် ရင်တုန်ခြင်း

– ခေါင်းကိုက်ခြင်း

– အိပ်မပျော်ခြင်း

– ထိုင်ရာမှ ရုတ်တရက်ထလိုက်လျှင် မူးဝေသွားခြင်း

– ခြေလက်များထုံကျင်ခြင်း

– အနံ့နဲ့ အရသာပျက်ခြင်း

– စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်လွန်ခြင်း

– ဝမ်းပျက်ဝမ်းလျှောခြင်း

– ဗိုက်အောင့်ခြင်း

– ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း

– အရေပြားတွင် အစက်၊ အကွက်များပေါ်ခြင်း

– အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း…. စတာတွေဖြစ်တတ်ကြပါတယ်။

အချို့ကတော့ သူတို့ခံစားရတာကို ဘယ်လိုပြောရမယ်ဆိုတာ စကားရှာမရဖြစ်ကြတယ် ဆိုပါတယ်။
.
.

???? ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ?

ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတဲ့အပေါ် တိကျတဲ့အဖြေမရှိသေးပေမယ့် နောက်ဆုံးတွေရှိချက်များအရ အဖြစ်များသူတွေကတော့…

• ကိုဗစ်ရောဂါဖြစ်စဉ်က သောက်ဆေး၊ ထိုးဆေးနဲ့ ကုသခဲ့ရတဲ့သူတွေ

• ဆေးရုံတက်ရ၊ အထူးကြပ်မတ်ဆောင်ရောက်ရတဲ့ အထိ ပြင်းထန်တဲ့ရောဂါလက္ခဏာ ခံစားခဲ့ရသူတွေ

• မူလကတည်းက နာတာရှည်ကျန်းမာရေးပြဿနာရှိသူတွေ

• ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေနဲ့

• ကိုဗစ်ကြောင့် ကိုယ်အင်္ဂါအတော်များများ ရောင်ရမ်းတဲ့လက္ခဏာ ခံစားခဲ့ရသူတွေမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။

ကိုဗစ်ဖြစ်စဉ်က ရောဂါမပြင်းထန်သူများလည်း နာတာရှည်ကိုဗစ်လက္ခဏာတွေ ခံစားရနိုင်တာဖြစ်လို့ မိမိကိုယ်မိမိ သိပ်မဆိုးပါဘူးဆိုပြီး မပေါ့ဆသင့်ပါ။
.
.

???? ဘယ်လို စစ်ဆေးသိရှိနိုင်လဲ ?

နာတာရှည်ကိုဗစ်လို့သတ်မှတ်နိုင်ဖို့ အတိအကျ ဆေးစစ်နိုင်တာမျိုး မရှိသေးပါ။

ဒီလက္ခဏာတွေမစခင် ကိုဗစ်ဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်တဲ့ စစ်ဆေးချက်အဖြေ အထောက်အထားတစ်ခုခုတော့ ရှိထားရပါမယ်။

ဖြစ်တဲ့လက္ခဏာပေါ်မူတည်လို့ ရင်ဘတ်ဓာတ်မှန်၊ သွေး၊ အီးစီဂျီ စတာတွေကို စစ်ဆေးနိုင်ပါတယ်။

စစ်ဆေးပြီး တခြားသိသာတဲ့ရောဂါတွေ ရှာမတွေ့ရင်တော့ နာတာရှည်ကိုဗစ်လို့ ပြောရမှာပါ။
.
.

???? ဘယ်လိုကာကွယ်ကြမလဲ ?

(၁) သေချာတဲ့နည်းကတော့ အစကတည်းက ကိုဗစ်ကူးစက်မခံရအောင် ကာကွယ်ပါ။

(၂) ကိုဗစ်ကာကွယ်ဆေးကို ရတာနဲ့ ထိုးကြပါ။

(ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ ကူးစက်ခံရပါက long covid ဖြစ်တာ နည်းတယ်ဆိုတဲ့ သုတေသန အထောက်အထားတွေ ရှိပါတယ်)
.
.

???? ဘယ်လို ကုသမလဲ ?

သတ်သတ်မှတ်မှတ်ကုထုံး မရှိပါ။

ရောဂါလက္ခဏာအများစုက အချိန်ကာလကြာရင် အလိုအလျောက် ပျောက်ကင်းပါတယ်။

ဒါပေမယ့် ခံစားရတဲ့လက္ခဏာပေါ်မူတည်ပြီး တချို့လက္ခဏာတွေက နေ့စဥ်လုပ်ရတဲ့ သာမန်အလုပ်တွေကိုတောင် မလုပ်နိုင်အောင်၊ နာတာရှည်လူမမာကြီးလို ဖြစ်နေအောင် ဆိုးရွားတတ်လို့ လက္ခဏာသက်သာစေမယ့်ဆေးမျိုးကို ပေးပြီးကုဖို့ လိုကောင်းလိုနိုင်ပါတယ်။
တချို့ကတော့ အထူးကုနဲ့ပြသဖို့အထိ လိုနိုင်ပါတယ်။

နာတာရှည်ကိုဗစ်လို့ မသတ်မှတ်မီ တခြားဖြစ်နိုင်ခြေရှိတဲ့ ကုသလို့ရတဲ့ရောဂါတွေမရှိကြောင်း သေချာအောင် အရင်စစ်ဆေးရပါမယ်။

ဒါကြောင့် ကိုယ့်မှာ နာတာရှည်ကိုဗစ်လက္ခဏာတွေရှိတယ်လို့ သံသယရှိရင် (ဒါမှမဟုတ်) ကိုဗစ်လက္ခဏာတွေ တစ်လထက်ကြာအောင်ရှိနေတယ်ဆိုရင်တော့ ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

“တယ်လီကျန်းမာအွန်လိုင်းဆေးခန်း” မှာလည်း အခမဲ့တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။

References : ????
Long COVID or Post-COVID Conditions | CDC

Episode #47 – Post COVID-19 condition (who.int)

Long-term effects of coronavirus (long COVID) – NHS (www.nhs.uk)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#longcovid#long_covid

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...