MENU

” ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ “

” ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ “

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးရုံသာမက ဓာတ်ပစ္စည်းများနဲ့ အရည်များကိုလည်း ထိန်းညှိပေးပါတယ်။ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ပစ္စည်းများ မညီမမျှဖြစ်လာကာ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။

ကျောက်ကပ်တုဖြင့်သွေးသန့်စင်ခြင်းဟာ ပုံမှန်ကျောက်ကပ်ကောင်းတစ်ခု လုပ်နိုင်စွမ်းရည်ရဲ့ ၁၀-၁၅% သာရှိပါတယ် ။ ဒါကြောင့် ကျောက်ကပ်သွေးသန့်စင်နေရသောသူများဟာ အစားအသောက်ကို မဖြစ်မနေ ဆင်ခြင်သင့်ပါတယ်။ အစားအသောက်နဲ့သောက်နိုင်တဲ့ ရေပမာဏဟာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် ကျောက်ကပ်အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၁) အရည် ????

အရည်ဟုဆိုရာတွင် ရေ ၊ အချိုရည် ၊ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရည်ရွှမ်းသည့် အသီးအနှံနှင့် ရေခဲ စသည်တို့ပါဝင်ပါတယ်။ ကျောက်ကပ်ဆေးနေရသူ အများစုဟာ ရေကို လျှော့သောက်သင့်ပါတယ်။ ဆီးမသွားပါက အရည်ကိုပို၍ လျှော့သောက်ရပါတယ်။ သတ်မှတ်ထားတဲ့ အရည်ပမာဏထက် ပိုသောက်မိပါက အရည်ဓာတ်များလာလို့ သွေးတိုးတာ၊ ဖောရောင်တာ၊ အဆုတ်ထဲရေဝင်ပြီး အမောဖောက်တာတို့ ဖြစ်တတ်တဲ့အပြင် နှလုံးအားနည်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ဆေးနေသူများအနေနဲ့ ကိုယ်သောက်သင့်တဲ့ရေပမာဏကို ကျောက်ကပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရေငတ်လျှင်

• ရေနှင့် ပလုတ်ကျင်းပြီးမျိုမချဘဲ ထွေးထုတ်ပါ။

• ရေခဲ အနည်းငယ် (ဒါမှမဟုတ်) ခဲထားသော အသီးအနှံကို ငုံလို့ရပါတယ်။

• ပီကယ် ၊ သကြားလုံး ၊ ပူရှိန်း စားပေးလို့ရပါတယ်။

(၂) ဆားဓာတ် ????

ကျောက်ကပ်ဆေးနေရသောသူဟာ အငန်ဓာတ်ကို လျှော့စားသင့်ပါတယ်။ အငန် အစားများရင် သွေးတိုးနိုင်တဲ့အပြင် ရေပိုငတ်တဲ့အတွက်ကြောင့် ရေပိုသောက်မိပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာတတ်ပါတယ်။

(၃) ပိုတက်ဆီယမ် ????

ပိုတက်ဆီယမ်ဓာတ်များရင် နှလုံးခုန် မမှန်တာ ၊ နှလုံးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်များတဲ့ အစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ အသီးခြောက်များ၊ သရက်သီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ဖရုံသီး၊ ဂေါ်ဖီအစိမ်း၊ မုန်လာဥ အစိမ်း၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥရွက်၊ မှို၊ မျှစ်၊ ချောကလပ်၊ကော်ဖီ၊ မြေပဲ၊ ကမာ၊ကင်းမွန်၊ ဓာတ်ဆားရည်၊ ပဲနို့ စတာတွေကို ရှောင်ရှားသင့်ပါတယ်။

(၄) ဖော့စ်ဖရက်စ် ????

ဖော့စ်ဖရက်စ်ဓာတ်ပစ္စည်းများရင် အရိုးပျော့ခြင်း၊ သွေးကြောကျဉ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ ဖော့စ်ဖရက်စ်များတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်အညို၊ မြေပဲ၊ ပီဇာ၊ ထောပတ်၊ နို့နှင့်နို့ထွက် ပစ္စည်း၊ ချောကလက်၊ အခွံမာ အစေ့ ၊ အသင့်စားသုံးနိုင်သော ကြာရှည်ခံ အစားအစာများ၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ ငါးပိ စတာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး အစာနှင့်တွဲ၍ ဆေးသောက်သုံးနိုင်ပါတယ်။

(၅) ပရိုတိန်း (ခ) အသားဓာတ် ✅

လူ့ခန္ဓာကိုယ် သန်မာစေဖို့ ကြွက်သားတည်ဆောက်ရာတွင်သာမက ခုခံအားကောင်းဖို့အတွက်လည်း အသားဓာတ် လိုအပ်ပါတယ်။ ကျောက်ကပ်သွေးသန့်စင်နေသူများ ( အထူးသဖြင့် ဝမ်းဗိုက်မှ သွေးသန့်စင်နေရသူများ) မှာ အသားဓာတ် ပိုလိုအပ်တာမို့ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ် ။

(၆) ဗီတာမင် ✅

ကျောက်ကပ်ဆေးတဲ့အခါ သွေးထဲမှာရှိတဲ့ မကောင်းတဲ့ အညစ်အကြေးတွေသာမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေပါ စွန့်ထုတ်တဲ့ထဲ ရောပါသွား ကြပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်သွေးသန့်စင်နေရသောသူတွေအနေနဲ့ ရေတွင်ပျော်ဝင်သော ဗီတာမင် များ ( ဗီတာမင် B1,B6, B12 , Folic acid, Vitamin C) တို့ကို ပြန်လည်ဖြည့်စွက် စားသုံးပေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ နာတာရှည် ကျောက်ကပ်မကောင်းတော့တဲ့သူတွေနဲ့ ကျောက်ကပ်ဆေးနေရတဲ့သူတွေ အနေနဲ့ အသက်ကိုဉာဏ်စောင့်ဆိုသကဲ့သို့ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Reference ????

• Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )

• https://www. niddk.nih .gov/health-information/kidney-disease/kidney-failure/hemodialysis/eating-nutrition#protein

• https:// nepro .com/nutrition-and-dialysis?gclid=EAIaIQobChMIvpme6ers-wIV5JJbCh12bwUTEAAYAiAAEgJzw_D_BwE&gclsrc=aw.ds

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#foodfordialysis

Ministry of Health,

National Unity Government.

Published on: 30 December 2022
Last Updated: 30 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️

ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...