လည်ပင်းထဲမှာ အစာစားပြီးရင် တစ်ခုခုကပ်နေသလို၊ တစ်စို့စို့ကြီးဖြစ်နေသလို နေရခက်တာမျိုး ကြုံဖူးကြပါသလား။

ဒါကို Globus sensation လို့ ခေါ်ပါတယ်။

ဒီဝေဒနာဟာ Functional esophageal disorders လို့ခေါ်တဲ့ အစာရေမျိုပြွန် လုပ်ဆောင်မှုမမှန်လို့ ဖြစ်ရတဲ့ ရောဂါများထဲက တစ်ခုပဲဖြစ်ပါတယ်။

လူတော်တော်များများက ဒီလက္ခဏာကို . . .

  • လည်ပင်းထဲ တစ်ခုခုကပ်နေတာ
  • တစ်စို့စို့ဖြစ်တာ
  • လည်ပင်းထဲ ကျပ်ကျပ်ကြီးဖြစ်တာ
  • တစ်ခုခု ခံနေသလိုဖြစ်တာ
  • စူးနေသလိုဖြစ်တာ
  • ချွဲကပ်သလို ဟပ်ထုတ်တယ်။ ထုတ်မရတာမျိုး ခံစားရတတ်ပါတယ်။

မိမိလည်ပင်း၊ လည်ချောင်းထဲမှာ အလုံးတစ်ခုခု ရှိနေတာလား ထင်တတ်ကြပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ အစာအိမ်အူလမ်းကြောင်း ဆေးခန်းများမှာ လာပြတဲ့လူနာတွေရဲ့ ၄ ရာခိုင်နှုန်းအထိ ဒီလက္ခဏာက သက်ရောက်မှုရှိပါတယ်။

လူအတော်များများ (၁၀၀ မှာ ၄၆ ယောက်လောက်) မှာ ဘဝတစ်လျှောက် ဒီဝေဒနာကို ဖြစ်ဖူးတဲ့သူများပါတယ်။ အမျိုးသမီးများမှာ ပိုအဖြစ်များတတ်ပြီး စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။

ဒီလက္ခဏာတွေက . . .

တံတွေးမျိုချတဲ့ချိန်မှာ ပိုသိသာမယ်။

Stress and anxiety များနေတဲ့အချိန်မှာ ပိုသိသာမယ်။

တစ်နေ့နဲ့ တစ်နေ့လည်း ဖြစ်တာချင်းမတူဘဲ ပြောင်းလဲမှု ရှိနေတတ်ပါတယ်။

ပိုပိုဆိုးလာခြင်းတော့ မရှိတတ်ပါဘူး။ အစာနင်တာ၊ အစာသီးတာ၊ အစာမျိုချရင် နာတာတွေ မရှိတတ်ပါဘူး။

ဒီရောဂါဟာ ဦးနှောက်အာရုံကြောနဲ့ အစာခြေစနစ် ချိတ်ဆက်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်ရသောရောဂါများ (Disorders of Gut-Brain interaction DGBI) အုပ်စုထဲက ဖြစ်ပြီး . . .

  • စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများ
  • အက်ဆစ်ပြန်တက်ခြင်း (Gastroesophageal reflux disease)
  • လည်ပင်းအာရုံကြောနဲ့ ကြွက်သားများရဲ့ အာရုံခံစနစ် ပြောင်းလဲခြင်း
  • လည်ချောင်းကြွက်သား တင်းမာခြင်းများနဲ့ ဆက်စပ်တတ်ပါတယ်။

အမူအကျင့်အနေနဲ့ လည်ချောင်း ခဏခဏရှင်းခြင်း၊ လည်ချောင်းဟပ်ခြင်းတွေနဲ့ ဆက်စပ်တတ်ပါတယ်။

ဒီလိုခံစားနေရပေမယ့် အစာမျိုတဲ့အချိန်မှာ၊ ရေသောက်တဲ့အချိန်မှာ နင်တာ နာတာ၊ သီးတာတွေ မရှိဘူးဆိုရင် စိုးရိမ်ပူပန်စရာ မလိုပါဘူး။ တအားစိတ်မပူဘဲ ဆောင်ရန် ရှောင်ရန်များကို လိုက်နာပါ။

🚨 လည်ပင်းတစ်စို့ခြင်းသာမက အောက်ပါလက္ခဏာတွေ ရှိနေခဲ့ရင် အရေးပေါ် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ 🚨

▪️အစာမျိုချတဲ့အချိန်မှာ နင်ခြင်း၊ အစာမျိုချရင် နာခြင်း
▪️လည်ပင်းမှာ အလုံးအကျိတ်ပေါ်ခြင်း
▪️သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း
▪️ဆေးကုသနေသော်လည်း သက်သာမှုမရှိခြင်း

  • တကယ်လို့ ဒီလက္ခဏာတွေ ရှိခဲ့ရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (သို့) အစာအိမ်၊ အူလမ်းကြောင်း အထူးကုဆရာဝန်ကို ပြသရမှာ ဖြစ်ပါတယ်။ *

စစ်ဆေးမှုတွေကတော့ . . .

  • လည်ပင်းမှာ အလုံးအကျိတ်ရှိ/မရှိ ဓာတ်မှန် သို့ ultrasound ရိုက်ခြင်း
  • လည်ချောင်းအတွင်း မှန်ပြောင်းစစ်ဆေးခြင်း
  • အစာအိမ်အူလမ်းကြောင်း စစ်ဆေးခြင်း
  • အစာရေမျိုကြွက်သား လှုပ်ရှားမှုကို တိုင်းတာခြင်းတို့ ပါဝင်ပါတယ်။

တကယ်လို့ စစ်ဆေးချက်တွေက အဖြေကောင်းတယ်ဆိုရင် အစာအိမ်အူလမ်းကြောင်းနှင့် ဦးနှောက် ချိတ်ဆက်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်ရတဲ့ရောဂါတွေထဲကတစ်ခုပဲ ဖြစ်နိုင်တဲ့အတွက် ရောဂါကိုစိတ်ပူဖို့မလိုဘဲ စောင့်ကြည့်ပါ။ နေထိုင်စားသောက်မှုကို ပြုပြင်ကြည့်ပါ။

🍀 ဆောင်ရန် ရှောင်ရန်များ 🍀

တစ်နေ့လျှင် အနည်းဆုံး ရေတစ်လီတာခွဲခန့် သောက်ပါ။ ရေကို တစ်ဝကြီး မြန်မြန်သောက်ခြင်းထက် တစ်ငုံချင်းစီကို ဖြည်းဖြည်းချင်းသောက်ပါက ပိုသက်သာပါမယ်။

အရက်၊ လက်ဖက်ရည်၊ ကော်ဖီနှင့် ဂက်စ်ပါသော အချိုရည်များ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။

အဆီများသော အစာများ၊ အပူအစပ်များသော အစာများနှင့် ဆီကြော်များကို လျှော့စားပါ။

နောက်ဆုံးအစာစားပြီးချိန်နှင့် အိပ်ရာဝင်ချိန်ကြား အနည်းဆုံး ၃ နာရီခြားပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

လည်ပင်းကို ခဏခဏညှစ်ပြီး ဟပ်ထုတ်ခြင်း မလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းက လည်ပင်းတစ်စို့တာကို ပိုဆိုးစေပါတယ်။ ဟပ်ထုတ်ချင်စိတ်ပေါ်လာရင် ရေနည်းနည်းစီ သောက်ပေးပါ။

ကိုယ်အလေးချိန် လျှော့ချပါ။

စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် ဖြေလျှော့ပါ။ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ အကူအညီများ ရယူပါ။

အသက်ရှုလေ့ကျင့်ခန်းများ၊ စိတ်ပြေလျော့စေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

လိုအပ်လျှင် အက်ဆစ်ထိန်းဆေးများ သောက်ရပါမယ်။

အနှောက်အယှက်ဖြစ်ရလောက်အောင် ချောင်း ခဏခဏ ဟန့်တတ်တာ၊ ချွဲဟပ်ထုတ်တတ်တာတွေ အတွက် လိုအပ်ရင် သိမှုနဲ့အပြုအမူပိုင်းဆိုင်ရာကုထုံး (Cognitive behavioral therapy) တွေ ရယူနိုင်ပါတယ်။

လည်ပင်းတစ်စို့စို့ဖြစ်ခြင်းဟာ အတွေ့ရများတဲ့ လက္ခဏာပါ။ အရင်ဆုံး အစိုးရိမ်မလွန်ဖို့ မှာချင်ပါတယ်။ ဆောင်ရန်/ရှောင်ရန်များကို လိုက်နာပြီး နေထိုင်မှုပုံစံပြောင်းလဲခြင်းက လူတော်တော်များများကို သက်သာစေပါတယ်။

တကယ်လို့ သတိထားစရာ ရောဂါလက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်ကို ပြသစစ်ဆေးသင့်ပါတယ်…။

အထူးကုသမားတော်တစ်ဦး
Telekyanmar

Reference : 📖
Feeling of something in your throat (Globus) , www. nhs inform . scot

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here