MENU

အဆီကျိတ် ( Fatty Tumour / Lipoma)

အဆီကျိတ် ( Fatty Tumour / Lipoma)

????အဆီကျိတ်ဆိုတာ….

အဆီကျိတ်ဆိုတာ အဆီဆဲလ်တွေ စုပုံပြီး ဖြစ်လာတဲ့ အဖု (သို့မဟုတ်) အကျိတ် ဖြစ်ပါတယ်။ အဆီကျိတ်လေးတွေဟာ အရေပြားအောက် အဆီဆဲလ်အများအပြားရှိတဲ့ တစ်သျူးမှာ အဖြစ်များပေမယ့် အန္တရာယ်တော့ မပြုတတ်ကြပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကြီးလာတာမျိုးတော့ရှိတတ်ပါတယ်။ Forever alone (FA) လို့ တင်စားလို့ရလောက်အောင် တစ်လုံးထဲဖြစ်လေ့ရှိပြီး အများကြီးဖြစ်တာ ရှားပါးတယ်။

.

.

????ဖြစ်တတ်တဲ့နေရာတွေကတော့

အဆီဆဲလ်ရှိတဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ နောက်ကျောနဲ့ ရင်ဘတ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး ပေါင်အပေါ် ပိုင်း၊ နောက်ကျောအောက်နဲ့ ခန္ဓာကိုယ်အတွင်းမှာ (အထူးသဖြင့် ဗိုက်အတွင်းမှာ) လည်း ဖြစ်နိုင်ပါတယ်။

မျိုးရိုးအရ ခန္ဓာကိုယ်တစ်ခုလုံး အဆီကျိတ်များစွာ ဖြစ်တာမျိုးလည်း ရှိပါတယ်။

.

.

????ဖြစ်လေ့ရှိတဲ့သူတွေက ….

အဆီကျိတ်လေးတွေဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး လူ အယောက် (၁၀၀) မှာ အနည်းဆုံး တစ်ယောက် ဖြစ်တတ်ပါတယ်။

လူကြီးလူငယ် အားလုံးမှာဖြစ်နိုင်ပေမယ့် လူလတ်ပိုင်းမှာ ပိုဖြစ်လေ့ရှိပါတယ်။

အမျိုးသား ၊ အမျိုးသမီး ဖြစ်နိုင်ခြေရာခိုင်နှုန်းက အတူတူလောက်ပါပဲ။

.

.

????အဆီကျိတ်လေးတွေရဲ့ သွင်ပြင်လက္ခဏာတွေကတော့….

အမိုးခုံးပုံစံ (သို့မဟုတ်) ဘဲဥပုံစံရှိပြီး အချင်း (diameter) က ပျမ်းမျှဆိုရင် ၂ စင်တီမီတာမှ ၁၀ စင်တီမီတာအထိ ရှိနိုင်ပါတယ်။ ဒီ့ထက်ပိုကြီးတဲ့ အဆီအကျိတ်တွေလည်း ရှိပါတယ်။

အဆီကျိတ်လေးတွေဟာ သိသာထင်ရှားတယ်။ နူးညံ့ချောမွေ့ပြီး လက်ချောင်းလေးနဲ့ အလွယ်တကူ လှုပ်ကြည့်လို့ရပါတယ်။ ရာဘာလိုလို ဂျုံလိုလို မပျော့မမာလေးပါ။ အကျိတ်ပေါ်က အရေပြားကတော့ အများအားဖြင့် ပုံမှန်ပါပဲ။

.

.

????အဆီကျိတ်ရဲ့ ရောဂါလက္ခဏာများ

အဆီကျိတ်တွေဟာ များသောအားဖြင့် ဘာရောဂါလက္ခဏာမှ မဖြစ်စေပါဘူး။ နာကျင်တာ၊ ယားယံတာ၊ ဖိထားသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ ကြီးလာတတ်မျိုးရှိပေမယ့် ကြည့်မကောင်းတဲ့ထိကြီးဖို့ဆိုတာ တော်တော့်ကိုကြာပါတယ်။

လှချင်တဲ့သူတွေအတွက်ကတော့ အဆီကျိတ်လေးတွေကြီးလာတာက စိတ်ညစ်စရာကောင်းတဲ့ ရောဂါတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ရှားရှားပါးပါးအနေနဲ့ အန္တရာယ်ရှိလောက်တဲ့ထိ ဖြစ်စေတတ်တာကတော့ အဆီကျိတ်က သူ့နားမှာရှိတဲ့ အရေးကြီးတဲ့ ခန္တာကိုယ် အစိတ်အပိုင်းတစ်ခုခု (ဥပမာ-အာရုံကြော)ကို ဖိမိပြီး ပြဿနာဖြစ်စေတတ်တာပါပဲ။

.

.

????အဆီကျိတ်တွေဖြစ်ရတဲ့ အကြောင်းရင်းက ….

အဆီကျိတ်တွေ ဘာကြောင့်ဖြစ်တယ် ဆိုတာကို မသိကြပါဘူး။ မျိုးရိုးလိုက်တတ်တာမျိုး ရှိပါတယ်။ (တုံးတဲ့ အရာဝတ္တုနဲ့ ရိုက်မိပြီး ရတဲ့) ဒဏ်ရာတွေကနေလည်း အဆီကျိတ် ဖြစ်စေနိုင်ပါတယ်။

.

.

????အဆီကျိတ်ကြောင့် ….

တချို့သော အဆီကျိတ်တွေက ကြီးသထက်ကြီးလာပြီး အနှောင့်အယှက် ဖြစ်လာတတ်ပေမယ့် အဲ့လို ကြီးလာဖို့က ရှားလည်းရှားသလို အချိန်လည်း အတော်ကြာပါတယ်။ အများစုဟာ သေးငယ်ပြီး အန္တရာယ်မပြုတာမို့ တစ်ဘဝလုံး လွှတ်ထားလိုက်လို့ ရပါတယ်။

ကင်ဆာအဖြစ် ပြောင်းသွားတာလည်း ရှားပါတယ်။ အလွန်ကြီးမားတဲ့ အဆီကျိတ်တွေက နေရာပေါ်မူတည်ပြီး အနီးနားက ကြွက်သားတွေ၊အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

.

.

????အဆီကျိတ်လေးတွေကို ကုသနည်း.….

အဆီကျိတ် အများစုဟာ ဆေးကုသစရာ မလိုပါဘူး။ ကြည့်မကောင်းလို့ ခွဲထုတ်တာမျိုးတော့ ရှိပါတယ်။ ခွဲစိတ်မှုကလည်း ရိုးရှင်းပါတယ်။ အကျိတ်ပေါ်က အရေပြားကိုခွဲပြီး အကျိတ်ကို ဖယ်ထုတ်ယူလိုက်တာပါ။ ထုံဆေး သုံးရပါတယ်။ ပြီးရင် အနာကို ချုပ်ရပြီး အမာရွတ်သေးသေးလေး ကျန်ခဲ့တတ်ပါတယ်။ တချို့လူတွေမှာ အမာရွတ်ကြီး (keloid) ဖြစ်နိုင်ခြေ ရှိပါတယ်။ အကျိတ်ကို အဏုကြည့်မှန်ပြောင်း (microscope)နဲ့ စစ်ဆေးကြပါတယ်။

တချို့သော ကြီမားတဲ့ အဆီကျိတ်တွေကို အဆီစုတ်ထုတ်ခြင်း (liposuction) နည်းနဲ့ ဖယ်ရှားလို့ ရပါတယ်။ ဖယ်ရှားပြီးရင်လည်း ပြန်ဖြစ်နိုင်ခြေရှိတာကိုတော့ လူနာတို့ကို သတိပေးပြောကြားချင်ပါတယ်။

Reference:

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.271

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#lipoma#အဆီကျိတ်

Ministry of Health,

National Unity Government.

Published on: 31 December 2022
Last Updated: 31 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...