MENU

မျက်လုံးဂရုစိုက်ခြင်းနှင့် မျက်စိလေ့ကျင့်ခန်းများ Eye Care and Eye Exercises (February, 2023)

မျက်လုံးဂရုစိုက်ခြင်းနှင့် မျက်စိလေ့ကျင့်ခန်းများ
(Eye Care and Eye Exercises)

အမြင်အာရုံဆိုတာ လူတွေအတွက် အလွန်အရေးပါလှတဲ့အရာဖြစ်ပါတယ်။ အမြင်အာရုံကောင်းအောင်ဆိုရင် အရေးကြီးဆုံးလုပ်ဆောင်ပေးရတဲ့ မျက်စိကလေးတွေ ကျန်းမာနေဖို့၊ မြင်လွှာကြည်လင်ဖို့ ၊ မြင်အားကောင်းဖို့ လိုအပ်ပါတယ်။
.

???? မျက်စိပြဿနာ အမျိုးမျိုးရှိပါတယ်။

????အသက်အရွယ်ရလို့ မျက်စိမှုန်တာ

????ရေတိမ် (Glaucoma)၊ အတွင်းတိမ် (Cataract) ဖြစ်ပြီး မျက်စိဝေဝါးလာတာ

????အနီးမှုန် (long-sightedness)၊ အဝေးမှုန် (short-sightedness)

????မျက်စိအစိတ်အပိုင်းကလေးတွေ ရောင်ရမ်းတဲ့ မျက်စိရောဂါတွေ (Uveitis/ Retinitis/ Keratitis/ Blepharitis/ Optic neuritis)

????မျက်စိသွေးတည်ရောဂါဖြစ်တာ (Hyphema)

????ဆီးချိုကြောင့် မြင်လွှာပျက်စီးတာ (Diabetic retinopathy)

????ပုံရိပ် နှစ်ထပ်ဖြစ်တာ (Diplopia)

????မျက်သားခြောက်တာ (Dry eye)

????မျက်စိစွေတာ (Squint)

????မျက်ခွံတွေမှာတွေ့ရတတ်တဲ့ အလုံးတွေပေါ်လာတာ၊ မျက်စိစွံတာ (Chalazion/ Stye)

????မြင်လွှာကွာပြီး အမြင်အာရုံဆုံးရှုံးတာ (Retinal detachment) ….. စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
.

ဒါတွေအပြင်….. ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ လူတွေဟာ ဒစ်ဂျစ်တယ် ဖန်သားပြင်တွေနဲ့ အချိန်ကုန်ဆုံးတာ (ဒါမှမဟုတ်) အလုပ်လုပ်ရတာ များလာပါတယ်။ အချိန်ပြည့်နီးပါး ဖုန်းကိုအာရုံစိုက်လုပ်ရတာ၊ အလုပ်စားပွဲမှာ ကွန်ပြူတာ screen ကြည့်ရတာနဲ့ လူငယ်တွေဆိုရင် တစ်နေ့လုံးတစ်ညလုံး ကွန်ပြူတာဂိမ်း ဆော့ကြတာတွေကြောင့် မျက်စိကျန်းမာရေးဟာ နေ့စဥ်လူနေမှုဘဝမှာ မေ့မေ့လျော့လျော့နေမိတတ်တဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါတယ်။
..
..

???? ဒါကြောင့် မျက်လုံးလေးတွေ ကျန်းမာရေးကောင်းအောင် ….

????ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များ စားပါ။

ဗီတာမင် အေ (Vitamin A) က မျက်စိကိုအားကောင်းစေပါတယ်။

မုန်လာဥနီ၊ အစိမ်းရောင်အသီးအရွက်တွေ၊ သစ်သီးဝလံတွေ၊ အဆီဓာတ်ကြွယ်ဝတဲ့ ဆော်လ်မွန်၊ တူနာလို ပင်လယ်ငါးမျိုးတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥ၊ အသည်း…. စတာတွေဟာ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

Omega-3 ကြွယ်ဝတဲ့ ငါးကြီးဆီ၊ ဗီတာမင် စီ (Vitamin_C) ကြွယ်ဝတဲ့ အချဥ်ဓာတ်ပါတဲ့ အသီးအနှံတွေနဲ့ ဗီတာမင် အီး (Vitamin_E) ကြွယ်ဝတဲ့ အစေ့အဆန်တွေကလည်း မျက်စိအားကောင်းစေပါတယ်။
.

????ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်ဖြတ်ရင် အသက်ကြီးလာတဲ့အခါ အတွင်းတိမ်မျက်စိရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ စာတမ်းတွေအရ သိရှိရပါတယ်။ ဒါကြောင့်… ဆေးလိပ်ကို တတ်နိုင်သလောက် ရှောင်ပါ။ ဖြတ်ပါ။ မရှောင်နိုင်ရင် ဆေးလိပ်ကို လျှော့သောက်ပါ။
.

????မျက်လုံးကို လုံခြုံအောင်ထားပါ။

နေပူထဲသွားတဲ့အခါ ခရမ်းလွန်ရောင်ခြည် (Ultraviolet, UV) ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တပ်ပါ။ မျက်စိထိခိုက်စေတဲ့ အလုပ်ခွင် (သစ်သားစ၊ သစ်မှုန်၊ သံပန်းစက်၊ ဝရိန်ဆော်လုပ်ငန်းခွင်တွေ) မှာ လုပ်ရသူတွေအနေနဲ့ မျက်စိအကာအကွယ် တပ်ဆင်ပြီး လုပ်ကိုင်ပါ။
.

????မျက်စိကို အနားပေးပါ

(၂၄) နာရီလုံး မျက်လုံးကလေးကို အလုပ်မလုပ်ခိုင်းပါနဲ့။ နားချိန်နားပါ။ အိပ်ချိန်အိပ်ပါ။ တီဗီ၊ ဖုန်းနဲ့ ကွန်ပြူတာ screen တွေကို အချိန်သတ်သတ်မှတ်မှတ်ထားပြီး သုံးပေးပါ။
.

????မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ပေးသလို မျက်စိအတွက်လည်း လေ့ကျင့်ခန်းလုပ်ပေးပါ။

????စာဖတ်ရင် အာရုံစူးစိုက်ဖတ်ရတဲ့အခါ

????အမြင်ဝေဝါး၊ ပုံရိပ်နှစ်ထပ်မြင်တဲ့အခါ

????မျက်စိကိုက်မျက်စိဒဏ်ဖြစ်တဲ့အခါ

????Lazy eye လို့ခေါ်တဲ့ မျက်စိတစ်ဘက်က အခြားတစ်ဘက်လောက် အလုပ်သိပ်မလုပ်နိုင်တဲ့ မျက်စိရောဂါအမျိုးအစားတွေအတွက် မျက်စိလေ့ကျင့်ခန်းတွေပြုလုပ်သင့်တယ်လို့ မျက်စိဆရာဝန်တွေက ဆိုပါတယ်။
..
..

မျက်စိကျန်းမာရေးအတွက် မျက်လုံးကိုထိန်းချုပ်တဲ့ မျက်လုံးကြွက်သားတွေကို သန်စွမ်းကျန်းမာအောင် အလွယ်တကူပြုလုပ်နိုင်တဲ့ မျက်စိလေ့ကျင့်ခန်းတွေကတော့…

????၂၀-၂၀-၂၀ စနစ် (20-20-20 Rule)

မျက်စိအာရုံစိုက်လုပ်ရတဲ့ အလုပ်တစ်ခုလုပ်တဲ့အခါ (ဥပမာ- သတင်းစာဖတ်တာ၊ ကွန်ပြူတာ screen ရှေ့ ကြာကြာထိုင် အလုပ်လုပ်ရတဲ့အခါ၊ ဖုန်းကြာကြာသုံးတဲ့အခါ)…..

မိနစ် (၂၀) ကြာတိုင်း အလုပ်ကိုခဏရပ်ပြီး ပေ (၂၀) ခန့်အဝေးမှာရှိတဲ့ အရာတစ်ခုကို စက္ကန့် (၂၀) ခန့် ကြည့်ပြီး မျက်စိကိုအနားယူပါ။

( ဥပမာ- ကွန်ပြူတာ screen ကြည့်နေရင်း ခဏနားပါ။ ပြတင်းပေါက်အပြင်က အဝေးတစ်နေရာကို ခဏငေးကြည့်ပြီး မျက်စိကို အနားပေးပါ)
.

????မျက်တောင်ခတ်ဖို့သတိရပါ။

TV၊ ဖုန်း၊ ကွန်ပြူတာရှေ့ထိုင်နေတဲ့အခါ တစ်နေရာတည်းကို အာရုံစူးစိုက်နေရလို့ မျက်တောင်ခတ်ဖို့မေ့နေတတ်ပါတယ်။

မျက်တောင်ခတ်တဲ့အကြိမ်ရေ နည်းသွားတဲ့အခါ မျက်လုံးခြောက်တာ၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒါ့ကြောင့် အတတ်နိုင်ဆုံး သတိထားပြီး မျက်တောင်ကို မကြာခဏ ပုံမှန်ပြန်ခတ်ပေးပါ။
.

????လက်ဖဝါးနှစ်ဖက်သုံး၍ မြင်လွှာအမှောင်ချအနားယူပါ။

လက်ဖဝါးနှစ်ဖက်နဲ့ မျက်လုံးပေါ် ဖွဖွကလေးတင် မျက်လုံးကို ပိတ်လိုက်ပါ။ စက္ကန့် (၃၀) ကြာအောင် မြင်လွှာတစ်ခုလုံး အမှောင်ချပြီး မျက်လုံးကို အနားပေးပါ။
.

????မျက်လုံးကို အသုံးပြုပြီး နံပါတ် (???? ဆွဲကြည့်ပါ။

ကိုယ့်ရှေ့ (၁၀) ပေ အကွာလောက်အဝေးမှာ အင်္ဂလိပ်အက္ခရာ နံပါတ် 8 (Figure ???? ကို သူ့ရေးချက်အတိုင်း မျက်လုံးကိုအသုံးပြုပြီး စိတ်ကူးနဲ့ ခပ်နှေးနှေးကလေး ပုံဖော်ရေးဆွဲကြည့်ပါ။ တစ်ဖန် ရေးချက်ပြောင်းပြန်ပြန်ပြီး မျက်လုံးနဲ့ ပုံဖော်ဆွဲကြည့်ပါ။

ဒီနည်းလမ်းလေးကတော့ မျက်လုံးကြွက်သားတွေကို တစ်ပတ်ပြည့်အောင် အလုပ်လုပ်ပေးတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။
.

????မျက်လုံးကို တစ်ပတ်ပြည့်အောင် ကစားပေးပါ။

ဦးခေါင်းကို အတည့်ထားပြီး မျက်စိကို ဘယ်၊ ညာ၊ အထက်၊ အောက်လှုပ်ရှားပေးပြီး တစ်ပတ်လည်အောင် ရွေ့လျားပေးပါ။
.

????အဝေးကြည့်၊ အနီးကြည့် လေ့ကျင့်ပေးပါ။

ဒီနည်းက မျက်မှန်တပ်ရသူတွေအတွက် အထူးသင့်လျော်ပါတယ်။

မျက်မှန်ကို ချွတ်ပြီး လက်နှစ်ဖက်ကို လက်မထောင်ပြီး မျက်နှာရှေ့ ဆန့်တန်းထားပါ။ လက်မတစ်ဖက်ကို မျက်နှာအနီးမှာထားပါ။ နောက် လက်မတစ်ဖက်ကို အဝေးမှာထားပါ။

ပထမ (၂) စက္ကန့်ကို အနီးက လက်မကို အာရုံစိုက်ကြည့်ပါ။ နောက် (၂) စက္ကန့်ကို အဝေးက လက်မကို အာရုံစိုက်ကြည့်ပေးပါ။ အကြိမ်ကြိမ်လုပ်ပေးလို့ရပါတယ်။

(အခန်းထဲက အနီးကပ်ပစ္စည်းကို ကြည့်လိုက်၊ ဟိုးအဝေး လမ်းပေါ်က ပစ္စည်းကို ကြည့်လိုက်နဲ့လည်း မျက်စိကို လေ့ကျင့်ပေးလို့ရတယ်။)
.

မျက်စိတစ်ဘက်က တခြားဘက်လောက် အလုပ်မလုပ်နိုင်တော့တဲ့ Lazy Eye ရောဂါအတွက် လေ့ကျင့်ခန်းလုပ်ပေးပါ။

ပိုကောင်းတဲ့မျက်စိတစ်ဘက်ကိုပဲ အားပြုသုံးရလို့ တခြားတစ်ဘက်က အလုပ်သိပ်မလုပ်တော့တဲ့အခါ…..

ကောင်းတဲ့မျက်စိကို အဝတ်စ (ဒါမှမဟုတ်) ပေါင်းစလေးနဲ့ အုပ်ထားလိုက်ပါက ကျန်ရှိနေတဲ့ အလုပ်သိပ်မလုပ်တဲ့ Lazy eye လေးကို အလုပ်လုပ်ဖို့ ဦးနှောက်က စေခိုင်းပါလိမ့်မယ်။ ဒီနည်းနဲ့ Lazy eye လေး ပြန်ကောင်းအောင် ကြိုးစားကြည့်နိုင်ပါတယ်။
.

????မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေး ပြသပါ။

မျက်စိ နာမကျန်းဖြစ်ခါမှ ဆရာဝန်ပြတာမျိုးလုပ်တာထက် စောစီးစွာ မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသပြီး မျက်စိစစ်ဆေးမှုတွေ မှန်မှန်ပြုလုပ်ပေးတာက ပိုကောင်းပါတယ်။
..
..

“ မျက်စိအဆုံး၊ နားအရှုံး” ဆိုတဲ့ ဆိုရိုးအတိုင်း မျက်စိဟာ လူတစ်ယောက်ရဲ့ဘဝမှာ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မျက်စိကျန်းမာစေဖို့ မျက်လုံးကလေးတွေကို ဂရုစိုက်ကြပါစို့ ????

???? References :
????WebMD | How to keep your eyes healthy

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#eyecare#eyehealth#eyeexercises

Ministry of Health,

National Unity Government.

Published on: 1 February 2023
Last Updated: 1 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)

အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန်...

အယူအဆအလွဲ (၁၅)

အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို...

အယူအဆအလွဲ (၁၄)

အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)...

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊...