MENU

“ Drowning Prevention” (May 2023)

“ ကြိုတင်ကာကွယ်တားဆီးနိုင်သော ရေနစ်ခြင်း” (မေလ၊ ၂၀၂၃ ခုနှစ်)

ရေနစ်ခြင်းသည် ကြိုတင်ကာကွယ်တားဆီးနိုင်သော အဓိက ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သည်။

???? အသက် ၁ နှစ်မှ ၄ နှစ်ကြား ကလေးငယ်များသည် အခြားသော အကြောင်းရင်းများထက် ရေနစ်ခြင်းကြောင့် ပိုမိုအသက်ဆုံးရှုံးကြရသည်။
???? ရေနစ်ခြင်းသည် စက္ကန့်ပိုင်းအတွင်း ဖြစ်နိုင်ပြီး အများအားဖြင့် တိတ်တဆိတ် လူအများသတိမပြုမိဘဲ အသက်ဆုံးရှုံးသွားရလေ့ ရှိသည်။
???? ရေရှိသောနေရာတွင် မည်သူမဆို အချိန်မရွေး ရေနစ်နိုင်သည်။

ရေမနစ်အောင် ကာကွယ်နိုင်ပါသည်။

❗ အခြေခံရေကူးခြင်းနှင့် ရေဘေးအန္တရာယ် ကင်းစေသော ကျွမ်းကျင်မှုများကို လေ့လာပါ။

ရေကူးတတ်လျှင် ရေနစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။ သို့ရာတွင် ရေထဲ (သို့မဟုတ်) ရေနှင့် အနီးတွင် ရှိနေပါက ရေကူးတတ်သော ကလေးငယ်များကိုပင် အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးရန် လိုအပ်ပါသည်။

❗ ရေကန်များကို ခြံစည်းရိုး အပြည့် ကာရံပါ။

အနည်းဆုံး ၄ ပေ အမြင့် ရှိသော ခြံစည်းရိုးကို ရေကန်ပတ်လည်၌ လေးဘက်လေးတန် ကာရံပါ။ ရေကန်ကို အိမ်နှင့် သီခြားစီ ထားရှိပါ။ ကိုယ်တိုင် အဖွင့်အပိတ်လုပ်နိုင်သော ဝင်ပေါက်တံခါးများ တပ်ဆင်ပါ။ ရေကန်ကို အသုံးမပြုသောအချိန်များတွင် ကလေးများကို ဆွဲဆောင်နိုင်သော အရုပ်များအားလုံးကို ရေကန်အနီးမှ ဖယ်ရှားထားပါ။

❗ အနီးကပ် စောင့်ကြပ်ကြည့်ရှုပါ။

ကလေးများ ရေထဲတွင် (သို့မဟုတ်) (ရေချိုးကန် အပါအဝင်) ရေအနီးနားတွင် ရှိနေပါက အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးရန် တာဝန်ယူနိုင်သော လူကြီးတစ်ဦးဦးကို တာဝန်ပေးပါ။ ရေနစ်ခြင်းသည် အချိန်တိုအတွင်း တိတ်တဆိတ် ဖြစ်စေနိုင်သောကြောင့် ရေထဲ (သို့မဟုတ်) ရေအနီးနားတွင် ကလေးများကို စောင့်ရှောက်ပေးမည့် လူကြီးသည် စာဖတ်ခြင်း၊ ဖုန်းသုံးခြင်းနှင့် မူးယစ်ဆေးနှင့် အရက်သေစာ သောက်စားနေခြင်း စသည့် အာရုံစူးစိုက်မှုကို ပျက်ယွင်းစေသော အလုပ်များကို ရှောင်ကြဉ်ရမည်။ ရေကူးကန် အသုံးပြုချိန်ကျော်လျှင် ရေကန်တံခါးပေါက်ကို ပိတ်ပြီး သော့ခတ်ပါ။ အိမ်လည်သွားသောအခါ (သို့မဟုတ်) နေရာစိမ်းသို့ သွားရောက်လည်ပတ်သည့်အခါ အန္တရာယ်ဖြစ်နိုင်ခြေများကို လေ့လာပြီး နိုးကြားစွာ စောင့်ကြည့်ပါ။ ကယ်ဆယ်ရေးဝန်ထမ်းများ ရှိနေသည့်တိုင် လူကြီးများသည် ကလေးငယ်များကို အနီးကပ် စောင့်ကြပ်ကြည့်ရှုသင့်သည်။

❗ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပါ။

အသက်ကယ်အင်္ကျီများသည် အသက်အရွယ်မရွေး၊ ရေကူးကျွမ်းကျင်သူများကိုပင် လှေစီးနေစဉ် ရေနစ်နိုင်ခြေကို လျှော့ချပေးပါသည်။ ကလေးငယ်များ ရေနှင့် အနီးဝန်းကျင်တွင် ရှိနေစဉ် အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသင့်သည်။ အသက်အရွယ်မရွေး ရေကူးမကျွမ်းကျင်သေးသူတိုင်းသည် သဘာဝရေများနှင့် ရေကူးကန်များထဲရှိနေစဉ်နှင့် အနီးဝန်းကျင်တွင် ရှိနေစဉ် အသက်ကယ်အင်္ကျီကို အသုံးပြုသင့်သည်။ လေထိုးအရုပ်များနှင့် အခြားအရုပ်များသည် ဘေးကင်းစေသော ပစ္စည်းများ မဟုတ်သောကြောင့် ၎င်းတို့ကို အားမကိုးပါနှင့်။

❗ အရေးပေါ် အသက်ကယ်ပြုစုနည်းကို လေ့လာထားပါ။.

အရေးပေါ် အသက်ကယ်ပြုစုနည်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မရောက်နိုင်သေးသည့် အချိန်တွင် လူ့အသက်ကို ကယ်နိုင်ပါသည်။ ကျန်းမာရေးအဖွဲ့အစည်းများသည် အရေးပေါ်အသက်ကယ်ပြုစုနည်း သင်တန်းများကို လူကိုယ်တိုင်သာမက အွန်လိုင်းသင်တန်းများဖြင့်ပါ သင်ကြားလျက်ရှိပါသည်။

❗ သဘာဝရေ၏ အန္တရာယ်များကို သတိရှိပါ။

ရေကန်များ၊ မြစ်ချောင်းများ နှင့် ပင်လယ်သမုဒ္ဒရာများတွင် အန္တရာယ်ရှိသော ရေစီးကြောင်းများ၊ လှိုင်းများ၊ ကျောက်ဆောင်များ၊ ရေအောက်ပင်များနှင့် မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေသော အရာများ အစရှိသည့် သတိပြုနိုင်ရန် ခက်ခဲသော အန္တရာယ်များ ရှိပါသည်။ ရေထဲ၊ ရေပေါ်နှင့် ရေနားဝန်းကျင်တွင် လုပ်ငန်းများ၊ လှုပ်ရှားမှုများ လုပ်ဆောင်ရန်ရှိပါက ရာသီဥတု အခြေအနေကို ကြိုတင်စစ်ဆေးပါ။ ရာသီဥတုအခြေအနေများသည် လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး အန္တရာယ်ရှိသော ရုတ်တရက် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ပါသည်။

❗ အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

ရေကူးခြင်း၊ လှေစီးခြင်း (သို့မဟုတ်) အခြား ရေနှင့်ပတ်သက်သော လှုပ်ရှားမှုများ မပြုလုပ်မီ (သို့မဟုတ်) ပြုလုပ်နေစဉ် အချိန်အတွင်း အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ အရက်သည် ဆုံးဖြတ်နိုင်စွမ်း၊ ဟန်ချက်ညီမှုနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းတို့ကို ထိခိုက်စေနိုင်ပါသည်။ ကလေးများကို ကြီးကြပ်နေစဉ်တွင်လည်း အရက်မသောက်ပါနှင့်။

❗ အဖော်နှင့်အတူ လုပ်ဆောင်ပါ။

ရေကူးတိုင်း၊ ရေဆော့တိုင်း ဘေးမှာ အဖော်ပါပါစေ။ ရေကူးကျွမ်းကျင်သော အဖော်ဆိုလျှင် ပိုကောင်းသည်။ ကယ်ဆယ်ရေးဝန်ထမ်းများရှိသော နေရာများတွင်သာ ရေကူးပါ။ အထူးသဖြင့် ရေနစ်နိုင်ခြေပိုများသော အတက်ရောဂါရှိသူများနှင့် ရောဂါအခံရှိသူများအတွက် အဖော်နှင့်အတူ ရေဆော့ခြင်းသည် ပို၍ အကျိုးရှိစေနိုင်ပါသည်။

❗ ရောဂါအခံရှိပါက ပို၍ ဂရုစိုက်ပါ။

သင့်ကျန်းမာရေးအခြေအနေသည် ရေနစ်နိုင်ခြေ ပိုများစေနိုင်သည်ဟု သိထားပါက ပို၍ ဂရုစိုက်ပါ။ ဥပမာ – သင် (သို့မဟုတ်) သင့်မိသားစုဝင် တစ်ဦးဦးတွင် အတက်ရောဂါ တစ်ခုခု ရှိပါက ရေထဲတွင် ရှိနေစဉ် တစ်ဦးချင်း စောင့်ကြပ်ကြည့်ရှုပါ။ အတက်ရောဂါရှိသူများသည် ရေစိမ်ချိုးခြင်းထက် ရေပန်း/ ဖလားဖြင့် ခပ်၍ရေချိုးရန် ပို၍ သင့်တော်ပါသည်။ သင် (သို့မဟုတ်) သင့်မိသားစုဝင်တစ်ဦးဦးတွင် နှလုံးရောဂါ (သို့မဟုတ်) အော်တစ်ဇင်ကဲ့သို့သော ရေနစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည့် အခြားအခြေအနေများရှိပါက ရေနားဝန်းကျင်တွင် ရှိနေစဉ် ပို၍ ဂရုစိုက်ပါ။

❗ ဆေးများ၏ အကျိုးသက်ရောက်မှုကို ထည့်သွင်း စဉ်းစားပါ။

သင်၏ ဟန်ချက်ညီမှု၊ ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်သော ဆေးများကို သောက်သုံးထားချိန်တွင် ရေကူးခြင်းကို ရှောင်ကြဉ်ပါ။ ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ရေနစ်နိုင်ခြေကို ပိုမို များစေနိုင်ပါသည်။ စိတ်ဖိစီးမှုကို သက်သာစေသောဆေးများနှင့် စိတ်ကျန်းမာရေးအတွက် အသုံးပြုသော ဆေးများတွင် ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။

❗ အသက်ကို ပြင်းပြင်းမြန်မြန် ရှူခြင်းနှင့် အချိန်ကြာမြင့်စွာ အသက်အောင့်ခြင်း မပြုလုပ်ပါနှင့်။

ရေအောက်တွင် ရေမကူးခင် အသက်ကို ပြင်းပြင်းမြန်မြန် ရှူခြင်း (သို့မဟုတ်) ရေအောက်တွင် အချိန်ကြာမြင့်စွာ အသက်အောင့်ခြင်း မပြုလုပ်ပါနှင့်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရုတ်တရက် သတိလစ်ပြီး ရေနစ်စေနိုင်ပါသည်။ ၎င်းကို “အောက်စီဂျင်ပြတ်လပ်၍ သတိလစ်ခြင်း (Hypoxic Blackout)” သို့မဟုတ် “ရေတိမ်နစ်ခြင်း (Shallow Water Blackout)” ဟု ခေါ်ဆိုလေ့ ရှိကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,

National Unity Government.

Source:
https://www.cdc.gov/drowning/prevention/index.html

#nugmoh #drowning #water #ရေနစ်

Published on: 4 May 2023

Last updated: 4 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ‎‎ဖြစ်စဥ် (၁) - မနက်ခင်းမှာ ကော်ဖီသောက်ဖို့ မီးဖိုချောင်ကို ဝင်လိုက်တယ်။ တံခါးဝရောက်တော့မှ "ငါ ဘာလာလုပ်တာပါလိမ့်" ဆိုပြီး ဖြစ်သွားတယ်။ ကော်ဖီခွက်က လက်ထဲမှာရှိနေတယ်။ ရေနွေးအိုးကိုလည်း မြင်‌နေရတယ်။ ဒါပေမယ့် ဦးနှောက်က ဘာလုပ်ရမှန်း မသိတော့ဘူး။‎‎ဖြစ်စဥ်...

အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎

‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။ တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ...

Endorphins သိုမဟုတ် နာကျင်မှုတွေကြားက အပြုံးပန်းတစ်ပွင့်‎

ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သူအသည်းကွဲတုန်းကအကြောင်းကို ပြန်ပြီးဖောက်သည်ချပြပါရစေ။‎‎အရင်က သူဟာ အားကစားဆို ဝေးရော။ လမ်းလျှောက်တာလေးလောက်ကိုတောင် မလုပ်ချင်တဲ့သူပါ။ ဒါပေမယ့် အသည်းကွဲပြီးနောက်ပိုင်း နေမရထိုင်မရ ဖြစ်နေရှာတာနဲ့ "စိတ်ထွက်ပေါက်အဖြစ် Gym လေးသွားဆော့ကြည့်ပါလား" လို့ ကျွန်တော်က အကြံပေးလိုက်ပါတယ်။‎‎အစပိုင်းမှာတော့ သူက ညည်းပါတယ်။ "တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ မသွားချင်တော့ဘူး" လို့...

‎မှီခိုလွန်းသော စရိုက် (Dependent Personality Trait)

လူသားတစ်ဦး၏ စိတ်နေစရိုက် ဖွံ့ဖြိုးမှုတွင် ကလေးဘဝသည် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါသည်။ ထိုအုတ်မြစ်ကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးနားလည်မှု၊ ဂရုစိုက်ကြင်နာမှုတို့ဖြင့် တည်ဆောက်ရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိဘများ၏ "အလိုလိုက်မှု လွန်ကဲခြင်း" နှင့် "အကာအကွယ်‌ပေးမှု လွန်ကဲခြင်း" ကြောင့် ကလေး၏ ကိုယ်ပိုင်ရပ်တည် ရှင်သန်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။‎‎အရွယ်ရောက်ပြီးသော်လည်း...