(ဤဆောင်းပါးသည် ယခင်ကဖော်ပြခဲ့ဖူးသော “ Gut-Brain Axis ခေါ် အစာအိမ်အူလမ်းကြောင်းနှင့် ဦးနှောက်အာရုံကြောများ၏ ချိတ်ဆက်မှုအကြောင်း” ပိုစ့်၏ အဆက်ဖြစ်ပါသည်။ မူလဆောင်းပါးကို အောက်တွင် ဖော်ပြထားသော link မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.telekyanmar.org/mm/?s=gut+brain
…
…
မကြာခဏ ဗိုက်အောင့်တာ၊ အစာမကြေ၊ လေပွ၊ ဝမ်းလျှောတာတွေကြောင့် အစားတွေ ရှောင်ရပေမယ့် ရောဂါလည်း မယ်မယ်ရရ ရှာမတွေ့ဘူးဆိုတာမျိုး ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးကြပါသလား။
ဒီလိုလက္ခဏာမျိုးဟာ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေအကြား ချိတ်ဆက်ထားမှုမှာ ပြဿနာတစ်ခုခု ဖြစ်နေတာကြောင့် ရောဂါခံစားနေရတာ ဖြစ်နိုင်ပါတယ်။
စိတ်ထင်တာမျိုး၊ စိတ်ကြောင့်ဖြစ်ရတာမျိုး မဟုတ်ဘဲတကယ်လက်တွေ့ ခံစားနေရတာဖြစ်ပြီး အစာခြေစနစ်မှာ လုပ်ဆောင်မှုချို့ယွင်းနေတဲ့ ရောဂါဖြစ်ပါတယ်။ ဒါဟာ တွေ့ရအလွန်များတဲ့ ရောဂါဖြစ်ပြီး လူ (၁၀) ဦးမှာ (၄) ဦးအထိက ဒီရောဂါမျိုး ရှိနေနိုင်ပါတယ်။
…
…
🔍 Disorder of Gut Brain interaction (DGBI) ဆိုတာ ဘာလဲ။
DGBI ဆိုတာ အစာခြေစနစ်ဖြစ်တဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေအကြားမှာရှိတဲ့ ဆက်သွယ်ချိတ်ဆက်မှု (Gut Brain axis) ချို့ယွင်းတာကြောင့် အစာခြေစနစ်နဲ့သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ ခံစားရခြင်း ဖြစ်ပါတယ်။
ဒီရောဂါတွေဟာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်ချို့ယွင်းနေမှုကို အကောင်အထည်ပြလို့ရတဲ့ ရောဂါမျိုး (structural disease) မဟုတ်ဘဲ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာပိုင်းမှာသာဖြစ်နေတဲ့ ပြသာနာမျိုး၊ ရောဂါမျိုး (functional disease) ဖြစ်ပါတယ်။
ရောဂါရှာဖွေ စစ်ဆေးတဲ့အခါ အစာအိမ်အနာ၊ အလုံးအကျိတ်၊ ကင်ဆာရောဂါ စသဖြင့်တွေ့ရတာမျိုး မရှိပေမယ့် လူနာကတော့ ဝေဒနာတွေ ခံစားနေရပြီး စိတ်ရောကိုယ်ပါ ထိခိုက်ရတဲ့ ရောဂါမျိုးတွေပါ။
အခြေခံအချက်အနေနဲ့ DGBI လို့ပြောချင်ရင် ဝေဒနာတွေကို အနည်းဆုံး (၆) လ ခံစားနေရမှာဖြစ်ပြီး (၃) လခန့် ရောဂါကြွနေတဲ့ လက္ခဏာမျိုး ရှိရပါတယ်။
DGBI ရောဂါများကို သူတို့ဖြစ်ပွားခံစားရတဲ့ နေရာပေါ် မူတည်ပြီး ROME IV criteria နဲ့ အမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားပါတယ်။
ဒါတွေကတော့ . . .
- အစာရေမျိုပြွန် လုပ်ဆောင်မှုမမှန်လို့ ဖြစ်ရသော ရင်ပူခြင်း၊ အစာနင်ခြင်း၊ အစာမျိုရခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
- အစာအိမ် လုပ်ဆောင်မှုမမှန်လို့ ဖြစ်ရသော အစာမကြေခြင်းနှင့် လေထခြင်း၊ ပျို့အန်ခြင်း
- အူလမ်းကြောင်း လုပ်ဆောင်မှု ပုံမမှန်သောရောဂါနှင့် ဝမ်းချုပ်ခြင်း
- အာရုံကြောကြောင့် ဖြစ်ရသော ဗိုက်နာခြင်း
- သည်းခြေလမ်းကြောင်း လုပ်ဆောင်မှုမမှန်သော ရောဂါများ
- စအို အာရုံကြောကြွက်သားများ လုပ်ဆောင်မှုမမှန်သော ရောဂါများဆိုပြီး ဖြစ်ပါတယ်။
…
…
🤔 ဒီရောဂါ ဘယ်လို ဖြစ်ရတာလဲ။
“စိတ်ကြောင့်ဖြစ်ရတဲ့ရောဂါ” သီးသန့်ရယ်လို့ မဟုတ်ပါဘူး။
- စားသုံးတဲ့ အစားအစာ၊ သောက်သုံးတဲ့ ဆေးဝါးတွေနဲ့ အူလမ်းကြောင်းအကျိုးပြု ပိုးမွှားငယ်တွေရဲ့ပြောင်းလဲမှုတွေ
- ငယ်ဘဝစိတ်ဒဏ်ရာတွေ
- မိမိတို့ နေ့စဉ်ပြုမူနေထိုင် စားသောက်ပုံတွေ
- စိတ်ဖိစီးမှုတွေ
- အူလမ်းကြောင်း အနည်းငယ်ရောင်ရမ်းတာ
- အူရဲ့အာရုံခံစနစ်တွေ ပြောင်းလဲတာ
- ဦးနှောက်နဲ့အာရုံကြော အလုပ်လုပ်ပုံ ပြောင်းလဲတာ
- အစာခြေရည်နဲ့ သည်းခြေရည်တွေ ပြောင်းလဲတာ…
စတဲ့ပြဿနာတွေ ပေါင်းစုပြီး “ဦးနှောက်နဲ့ အစာခြေစနစ်အကြား ချိတ်ဆက်ဆက်သွယ်မှုစနစ်” (gut-brain axis) ချို့ယွင်းလာခြင်းကြောင့် ဒီရောဂါဝေဒနာတွေကို နာတာရှည်အနေနဲ့ ခံစားရတာ ဖြစ်ပါတယ်။
ရောဂါတစ်ခုခြင်းစီအလိုက် တွေ့ရတဲ့ လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့
- ဗိုက်တင်းခြင်း
- လည်ပင်းတစ်စို့ဖြစ်ခြင်း
- ပျို့ခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းလျှော/ဝမ်းချုပ်ခြင်း
- အစာမကြေဖြစ်ခြင်း စတာတွေပါ။
ဒီရောဂါဟာ ကြာလာရင် ခန္ဓာကိုယ်ရဲ့ အထွေထွေကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အတွက် . . .
- ရင်တုန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ကိုယ်လက်များ ထုံကျင်ကိုက်ခဲခြင်း
- အိပ်မပျော်ခြင်း
- စိတ်ဖိစီးမှုများခြင်း စတာတွေပါ တွဲဖြစ်တတ်ပါတယ်။
အစာအိမ်၊ အူလမ်းကြောင်းရောဂါဖြစ်ရင် ဦးနှောက်ကို ဆက်စပ်ပြီး တစ်ကိုယ်လုံး မအီမသာဖြစ်နေနိုင်သလို ဦးနှောက်အာရုံကြောနဲ့ စိတ်ခံစားချက်ပြဿနာတွေကြောင့်လည်း အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေ ဖြစ်နိုင်ပါတယ်။
အစား အလွန်ရှောင်ခြင်းကြောင့် အစာစားရမှာကြောက်ခြင်း၊ ဗီတာမင်ဓာတ်ချို့တဲ့ခြင်းများလည်း ဖြစ်နိုင်ပါတယ်။
…
…
🩺 ရောဂါရှာဖွေခြင်း
ဒီရောဂါဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး။
ရောဂါရှာဖွေစစ်ဆေးမှုများဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်တဲ့ အနာ၊ ကင်ဆာနဲ့ အလုံးအကျိတ်တွေ အစာအိမ်အူလမ်းကြောင်းမှာ ရှိ/မရှိ စိတ်ချရအောင် စစ်ဆေးတာ ဖြစ်ပါတယ်။ လိုအပ်ရင် အချို့သော ဟော်မုန်းပြဿနာများနဲ့ ဗီတာမင်ချို့တဲ့ခြင်းများအတွက်လည်း သွေးစစ်ဆေးဖို့ လိုတတ်ပါတယ်။
ရောဂါရှာဖွေ စစ်ဆေးရင် တိတိကျကျ တွေ့ရတာမျိုး မရှိပါ။ မှန်ပြောင်းကြည့် စစ်ဆေးတဲ့အခါမှာလည်း အစာအိမ်အနာနဲ့ ကင်ဆာတွေမရှိဘဲ ပုံမှန် သို့မဟုတ် အနည်းငယ်ရောင်ရမ်းမှုမျိုးသာ တွေ့ရနိုင်ပါတယ်။
…
…
🧘♀️ ကုသနည်းများ
ကုသမှုကတော့ အစာခြေစနစ်ရော ဦးနှောက် အာရုံကြောတွေပါ ပြန်လည်ကောင်းမွန်လည်ပတ်အောင် ပြုစုစောင့်ရှောက်ပေးခြင်း ဖြစ်ပါတယ်။
💊 ဆေးဝါးများ
ရောဂါအပေါ်မူတည်ပြီး အစာအိမ်ဆေးများ၊ ဗိုက်နာပျောက်ဆေး၊ လေဆေး၊ အစာကြေဆေးများ၊ ဝမ်းပိတ်ဆေး၊ ဝမ်းနုတ်ဆေး၊ ပရိုဘိုင်ရိုတစ်များ လိုအပ်နိုင်ပါတယ်။ လိုအပ်ပါက အာရုံကြောထိန်းညှိဆေးများလည်း ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
ဒါ့အပြင် . . .
🍀 မိမိနှင့်တည့်သော အစားအသောက် ပြုပြင်စားသောက်ခြင်း
🍀 အိပ်ရေးဝအောင် အိပ်ခြင်း
⛹️အားကစား လေ့ကျင့်ခန်းလုပ်ခြင်း
📿 စိတ်ခံနိုင်ရည်အား မြင့်တက်အောင် အသက်ရှူလေ့ကျင့်ခန်းများ၊ ယောဂနှင့် အပန်းပြေစိတ်ကျန်းမာရေး လေ့ကျင့်ခန်းများ
🧑⚕️ စိတ်ဖိစီးမှုများက ရောဂါပိုဆိုးစေသဖြင့် လိုအပ်ပါက စိတ်ကျန်းမာရေး အကူအညီရယူခြင်းများပါဝင်ပါတယ်။
.
💢 ဒီရောဂါဟာ အသက်အန္တရာယ်မရှိတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါပေမယ့် ခံစားရတဲ့ ဝေဒနာတွေကြောင့် စိတ်နဲ့ ကိုယ်ခန္ဓာ ထိရောက်မှုများ ရှိနိုင်တဲ့အတွက် ခံစားရခက်တဲ့ ရောဂါပါ။
💢 ရောဂါကို မလိုအပ်သော စစ်ဆေးမှုများ ထပ်ခါ ထပ်ခါလုပ်ခြင်းထက် ရောဂါအကြောင်း နားလည် သဘောပေါက်အောင်လုပ်ပြီး ဆောင်ရန် ရှောင်ရန်များကို လိုက်နာ၍ စိတ်နှင့်ကိုယ်ကြံ့ခိုင်ရေးကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။
💢 ရောဂါပျောက်ကင်းဖို့ မိမိကိုယ်ကိုယ် အချိန်ယူပြီး ပြန်လည်ပျိုးထောင်ရပါမယ်။
💢 မပျောက်ကင်းနိုင်တာ မဟုတ်ပေမယ့် မိမိနဲ့ အချိန် အတိုင်းအတာတစ်ခုအထိ အတူယှဉ်တွဲနေမယ့် ဝေဒနာ တစ်ခုအဖြစ် နားလည်ထားသင့်ပါတယ်။
…
…
🚨🚨 ဘယ်လိုအချက်တွေပေါ်လာရင် အရေးကြီးလဲ
ပြင်းထန်မှုမရှိတဲ့ DGBI လို့ ရောဂါသတ်မှတ်ထားပေမယ့် အောက်ပါ အချက်အလက်များ ပေါ်လာရင်တော့ မပေါ့သင့်ပါ။
- အစာအန်ခြင်း
- ဝမ်းထဲသွေးပါခြင်း
- ဝမ်းအမည်းရောင် (ကတ္တရာစေးလို) သွားခြင်း
- သိသိသာသာ ပိန်သွားခြင်း
- တရှောင်ရှောင် ဖျားခြင်း
- သွေးအန်ခြင်း
- အလုံးအကျိတ်ပေါ်ခြင်း
- မျိုးရိုးမှာ အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါ မျိုးရိုးရှိခြင်း . . . စတဲ့အချက်တွေရှိနေရင် ဒီရောဂါလို့ အမည်တပ်ခြင်းထပ် အရင်ဆုံး သေချာလေးစစ်ဆေးဖို့ သင့်ပါတယ်။
ဒီရောဂါက ကြောက်လန့်စရာ ရောဂါမဟုတ်ပါ။ ဒါပေမယ့် အတော်လေးတော့ စိတ်အနှောင့်အယှက် ပေးနိုင်ပါတယ်။ ကုသလို့ရတယ်။ ထိန်းချုပ်လို့လည်း ရပါတယ်။
မိမိရဲ့ဝေဒနာများကို လေ့လာခြင်း၊ ရောဂါအကြောင်း သဘောပေါက်အောင် လေ့လာခြင်းဖြင့် ဝေဒနာနှင့် အတူယှဉ်တွဲပြီး နေတတ်လာမှာဖြစ်ပါတယ်…။
အထူးကုသမားတော်တစ်ဦး
Telekyanmar
Reference – 📚
Approach to Disorders of gut brain interaction, Mayo Proceedings,
https:// www. sciencedirect. com / science/article/pii/S0025619622006188
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.