MENU

ဒူးခေါင်းခွက်နေရာမှာရေအိတ်တည်ခြင်း Baker’s cyst (February, 2022)

ဒူးခေါင်းခွက်နေရာမှာရေအိတ်တည်ခြင်း (Baker’s cyst)

လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးအဆစ်တွေထဲမှာ ပုံမှန်အတိုင်း လှည့်ပတ်တည်ရှိနေတဲ့ အရည်လေး (synovial fluid) တွေ ရှိပါတယ်။ ကျနော်တို့ နေ့စဉ်လှုပ်ရှားတဲ့အခါ အရိုး အရွတ်တွေ တစ်ခုနဲ့ တစ်ခု မပွတ်တိုက်အောင် အဲ့အရည်လေးတွေကချောဆီလို လုပ်ဆောင်ပြီး ကာကွယ်ပေးနေတာပါ။
ဒူးဆစ်ပတ်လည်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါမှာဆို အရည်လေးတွေ များလာပြီး အရည်အိတ်တည်တတ်ပါတယ်။ ဒူးဆစ်အနောက်ဖက် ဒူးခေါင်းခွက်နေရာမှာ အဖြစ်များပြီး ဆေးပညာစကားအရ Baker’s Cyst လို့ခေါ်ပါတယ်။

???? ဘာကြောင့် ဒူးခေါင်းခွက်နေရာမှာ အရည်အိတ် ဖြစ်ရသလဲ?

အဖြစ်အများဆုံးကတော့
– ဒူးဆစ်ပတ်ပတ်လည်ရှိ အရိုး၊ အရွတ်များ ရောင်ရမ်းခြင်း
– အရိုးကျီးပေါင်းရောဂါ
– ထိခိုက်ဒဏ်ရာရပြီး အရွတ်ပြဲတာ
– ဒူးဆစ်မှာ ရောဂါပိုးဝင်တာ
– အဆစ်အမြစ်ရောင်ရောဂါရှိသူများ (သွေးလေးဖက်နာ၊ ဂေါက်ရောဂါ စသည် )….. အစရှိတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

တခါတရံမှာတော့ ကလေးတွေမှာဆိုရင် အကြောင်းအရာ တစ်စုံတစ်ရာမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။

???? ဘယ်သူတွေမှာ ဖြစ်နိုင်ချေများလဲ?

အသက်အရွယ်မရွေး၊ ကျား၊မ မရွေးဖြစ်နိုင်ပါတယ်။ အသက် ၄နှစ်ကနေ ၇နှစ်ကြားနဲ့ အသက် ၃၅နှစ်ကနေ ၇၀ကြားမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ကလေးများထက် လူကြီးများမှာ ပိုအဖြစ်များတတ်ပါတယ်။

????ဘယ်လို လက္ခဏာတွေ ခံစားရလဲ?

– ဒူးခေါင်းခွက်မှာ ခပ်ပျော့ပျော့ အဖုလုံးလေးတစ်ခု ခံစားရမယ်။
– အဲ့ဒီအဖုက မတ်တပ်ရပ်လိုက်ရင် မြင်ရတာ မသိမသာဖြစ်နေနိုင်ပါတယ်။
– အစပိုင်းမှာ ဒူးခေါင်းနောက် အလုံးရှိတာကလွဲလို့ ပြဿနာမပေးတာလည်းဖြစ်နိုင်ပါတယ်။
– အရွယ်အစား ကြီးလာရင်တော့ ဒူးရဲ့အနောက်ဖက် ဒူးခေါင်းခွက်မှာ တင်းနေမယ်။
-ခြေထောက်ကို ဆန့်လိုက်တဲ့အချိန်၊ လှုပ်ရှားတဲ့ အချိန်မှာ တင်းတင်းကြပ်ကြပ် ခံစားရတာ၊ နာလာတာတွေ ဖြစ်နိုင်ပါတယ်။
– အလုံးက ကိုင်ကြည့်ရင် လှုပ်လို့ ရွေ့လို့ ရပါတယ်။
-အလုံးကြောင့် ဒူးဆစ်ကို ပုံမှန်လို ကောင်းကောင်း မလှုပ်ရှားနိုင်တာမျိုး၊ ကြာကြာ မရပ်နိုင်တာမျိုး လည်း ဖြစ်နိုင်ပါတယ်…အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

????Baker’s cyst ဖြစ်နေတာကို ဘယ်လို သိရှိနိုင်လဲ?

အဖုအလုံးပေါ်ကို လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး အရည်အိတ်ဖြစ်ကြောင်း စစ်ဆေးတဲ့ စမ်းသပ်မှု (transillumination test)၊ အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT scan) တို့ကို ဆရာဝန်နဲ့ စမ်းသပ်တိုင်ပင်ပြီး စစ်ဆေးသိရှိနိုင်ပါတယ်။

???? ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ?

Baker’s cystကို မကုဘဲ ထားမယ်ဆိုရင်တော့

– အဖြစ်အများဆုံးက အဲ့အလုံးကြီး ပေါက်ထွက်သွားတာပါ။ ဒူးခေါင်းနောက် အလုံးထဲက အရည်တွေက အောက်ဖက် ခြေသလုံးတစ်ခုလုံးကို ပြန့်သွားပြီး ခြေသလုံးတစ်ခုလုံး ဖောင်းရောင်လာပါမယ်။ အရည်ထဲက ဓါတ်တွေကြောင့် ယားတာ ၊နာတာ၊ ရောင်ရမ်းတာတွေ ဖြစ်လာပါမယ်။
– ခြေချင်းဝတ်အထိ သွေးခြေဥတာတွေ ဖြစ်နိုင်ပါတယ်။
– ရှားရှားပါးပါး အရည်အိတ်သွေးယိုတာ၊ အရည်အိတ်ထဲ ပိုးဝင်တာတွေ လည်း ဖြစ်တတ်ပါသေးတယ်။
– ခြေသလုံးကြွက်သားတွေအထိ ရေအိတ်တွေကြီးလာတာမျိူးလည်းဖြစ်တတ်ပါတယ်။
– Baker’s cyst က အရေးပေါ်‌ ရောဂါ‌ တော့မဟုတ်ပေမယ့် နောက်ဆက်တွဲတွေ ဖြစ်လာတဲ့အခါ ခြေထောက်သွေးကြောပိတ်‌ ရောဂါ (Deep vein thrombosis) နဲ့ ပုံစံတူလို့ မှားတတ်ပါတယ်။ သူကတော့ အရေးကြီးပြီး အသက်အန္တရာယ်ရှိပါတယ်။

ဒါ့ကြောင့် ဒူးကနေ ခြေသလုံးနီလာ၊ ရောင်လာရင် ဘာ‌အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သေချာ အဖြေရှာဖို့ ဆရာဝန်ပြရပါမယ်။ (တယ်လီကျန်းမာမှာ လာပြပါ ???? )

???? ဘယ်လို ကုသလို့ ရနိုင်လဲ?

– ရေအိတ်က သေးပြီး ဘာ လက္ခဏာမှ မခံစားရရင်တော့ ကုသမှုမလိုသေးဘဲ ဆက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
– ကလေးတွေမှာ ဖြစ်တဲ့ရေအိတ်မှာတော့ သူ့အလိုလို ပျောက်သွားတတ်ကြပါတယ်။ လိုအပ်ရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြသပြီး ကုသဖို့ လိုအပ်ပါတယ်။ ( ဥပမာ – အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးသောက်တာ၊ ရေခဲကပ်တာ၊နာလာရင် ဒူးကို အနားပေးတာ၊ အနားယူတဲ့အခါ ခြေထောက်ကို အမြင့်ကို မြှောက်ထားတာ၊ အရိုးအဆစ် ပြန်လည်သန်စွမ်းရေး ကိုယ်လက်ကုထုံး လေ့ကျင့်ခန်းတွေနဲ့ ပြန်လည် ကုစားတာမျိုး လိုအပ်နိုင်ပါတယ်။)
– ဒူးဆစ်ကို ရောင်‌ စေတဲ့ အဆစ်အမြစ်ရောင်ရောဂါ အခံတွေ ရှိနေရင် အဲ့ရောဂါတွေကို သေသေချာချာချာ ကုသရပါမယ်။
– အရွယ်အစားကြီးပြီး ပြင်းထန်တဲ့ လက္ခဏာမျိုးရှိရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

????Baker’ cyst မဖြစ်အောင် ဘယ်လို ကာကွယ်လို့ရလဲ?

– သက်တောင့်သက်သာရှိတဲ့ ဖိနပ်စီးတာ
– လေ့ကျင့်ခန်းမလုပ်ခင် သွေးပူ လေ့ကျင့်ခန်းလုပ်တာ
— ခြေထောက်၊ ဒူးခေါင်းတို့မှာ ဒဏ်ရာရတဲ့အခါ လေ့ကျင့်ခန်း ချက်ချင်းရပ်ဖို့၊ အနားယူဖို့၊ ရေခဲကပ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသတာ အကောင်းဆုံး ဖြစ်ပါတယ်။

????ဒီလောက်ဆို Baker’s cystအကြောင်း ထိုက်သင့်သလောက် သိရှိပြီးဖြစ်တယ်လို့ ယူဆပါတယ်။ အထက်ပါ ပြောပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာရင်း Baker’s cystမဖြစ်အောင် ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။????

Reference
www. mayoclinic .org/diseases-conditions/ bakers-cyst/symptoms-causes

Ministry of Health,

National Unity Government.

Published on: 8 February 2023
Last Updated: 8 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...