လက်ရှိကာလမှာ အခြေအနေအမျိုးမျိုးကြောင့် အေအာတီဆေး ဆက်လက်ရရှိဖို့ခက်ခဲနေတဲ့ သောက်လက်စလူနာတွေ၊ ဆေးပြတ်သွားတာ ကြာနေတဲ့လူနာတွေ၊ ပိုးရှိမှန်းသိပေမယ့် ဆေးစသောက်ဖို့ကို လက်လှမ်းမမီသေးတဲ့သူတွေ အများကြီးရှိနေနိုင်မှာကို နားလည်ပါတယ်။
ဆေးကိစ္စအတွက် တွေးတောနေရရင်း ရောက်တဲ့နေရာဒေသအသစ်အသီးသီးမှာ ဖွင့်ပြောလိုက်ရင် ခွဲခြားဆက်ဆံမှု ရှိမလား/မရှိဘူးလားကို စိုးရိမ်နေကြတာတွေလည်း ရှိကြမှာပါ။
ဒီလိုမှန်းရခက်တဲ့ အခက်အခဲတွေကြားထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတဲ့သူတွေ အများရှိတယ်ဆိုတာကို သိလည်းသိသလို ယုံလည်း ယုံကြည်ပါတယ်။
အချို့အရာတွေက ကိုယ်ထိန်းချုပ်ဖို့ ခက်ခဲတဲ့အရာတွေဆိုတာ မှန်ပေမယ့် ကျွန်မတို့ကိုယ်တိုင် လုပ်နိုင်တဲ့ အရာလေးတွေလည်း အများကြီးရှိပါသေးတယ်။
ဒီအတွက် အောက်ပါအချက်လေးတွေကို အကြံပြု တိုက်တွန်းလိုက်ပါရစေ။
…
…
- ဆေးသောက်လက်စလူနာတွေ နေရာဒေသ အပြောင်းအလဲ ဖြစ်သွားကြတယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အေအာတီဆေးပေးတဲ့ နေရာတွေ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချိတ်အဆက် မပြတ်အောင်နေပါ။
- ဆေးပြတ်တော့မယ်၊ ဆေးပြတ်နေပြီဆိုရင် ဆေးရရှိဖို့အတွက် ကိုယ်လက်ရှိရောက်နေတဲ့ နေရာတွေမှာ ကြိုပြီး စုံစမ်းချိတ်ဆက်ပါ။ ၃~၄ ရက်စာပဲ ကျန်တဲ့အချိန် ကုန်ကာနီးမှ ကပ်ပြီးရှာတာမျိုး မလုပ်သင့်ပါ။ လက်ထဲ အမြဲ တစ်လစာလောက် ကျန်တဲ့အချိန်ကတည်းက ငါနောက်လတွေ ဆေးဘယ်လိုယူမယ်၊ ရှာမယ်ဆိုတာ ကြိုပြင်ဆင်သင့်ပါတယ်။ အတူတူ ဆေးသောက်နေတဲ့သူတွေရှိရင် မေးမြန်းကြည့်ပါ။ အင်တာနက်နဲ့ ဂရုတွေထဲ ဆေးအရောင်းအဝယ် ဘန်းပြပြီး လိမ်လည်တာမျိုးတွေ၊ ကိုယ်မသိတဲ့သူတွေဆီ ငွေလွှဲဝယ်တာမျိုးတွေတော့ သတိထားပါ။
- တော်လှန်ရေးဒေသတွေမှာ ရှိနေတဲ့သူတွေ၊ ပြည်သူ့တပ်ထဲက ရဲဘော်တွေဆိုရင် နီးစပ်ရာ ဆရာဝန်၊ ဆရာမတွေကို မိမိ ဆေးသောက်နေရကြောင်းနဲ့ အခက်အခဲတစ်ခုခုရှိနေရင် တိုင်ပင်လိုကြောင်း ပြောပြထားပါ။ ဆေးပြတ်နေတဲ့သူတွေဆိုရင်လည်း ဆေးပြန်လည်ရရှိအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ တပ်တွင်းဆေးတာဝန်ခံ သို့မဟုတ် ဒေသတွင်းကျန်းမာရေးတာဝန်ခံတွေနဲ့ တိုင်ပင်ကြည့်ပါ။ မိမိတစ်ယောက်ထဲ ရေရှည်ကျန်းမာရေးအတွက် ဘယ်လို လုပ်ရမလဲ ခေါင်းကိုက်နေတာထက်စာရင် တိုင်တိုင်ပင်ပင်နဲ့ အဖြေရှာကြည့်တာက ပိုပြီးစိတ်သက်သာရာရမှာပါ။
- ဆေးကတော့ ယူလို့၊ ဝယ်သောက်လို့ ရနေတယ်။ အရင်လို ၃ လတစ်ခါ၊ ၆ လတစ်ခါ ဆရာဝန်တွေ ဆရာမတွေနဲ့ ပုံမှန်မတွေ့ဖြစ်၊ မပြောဖြစ်၊ သွေးမစစ်ဆေးဖြစ်တဲ့အခါ ကိုယ့်ကျန်းမာရေး လက္ခဏာလေးတွေကို ဂရုစိုက်ပြီး သတိထားပါ။ နေမကောင်းဖြစ်တာ၊ လက္ခဏာတစ်ခုခု ပြတာမျိုးဆိုရင် အချိန်တအားမဆွဲဘဲ နီးစပ်ရာဆေးရုံဆေးခန်း သွားဖို့လုပ်တာမျိုး၊ သွားဖို့ အဆင်မပြေနေရင် တယ်လီကျန်းမာမှာ ဘွတ်ကင်ယူပြီး အွန်လိုင်းကနေ ဆွေးနွေးတာမျိုး လုပ်ပါ။
- အေအာတီဆေး သောက်လက်စလူနာတွေက ဆေးကို သေချာလေး မပျက်မကွက် သောက်ဖို့နဲ့ မနောက်ကျဖို့ ပိုပြီးဂရုစိုက်ပါ။ နာရီနှိုးစက် (အလန်း) တစ်ခါမြည်လို့ မေ့တတ်ရင် ၂ ခါ ၃ ခါဆက်တိုက် နေ့စဉ်ပေးထားပါ။ ဆေးပြတ်ပြီးနောက် ပြန်စသောက်တဲ့သူတွေဆိုလည်း ဆေးပြန်ရပြီဆိုတာနဲ့ မပျက်မကွက် သေချာလေး ဂရုတစိုက်ပြန်သောက်ပါ။
- တစ်နှစ်တစ်ခါ ပုံမှန် HIV ပိုးကောင်ရေ စစ်ဆေးလို့ ရတဲ့ နေရာဒေသတွေမှာ နေထိုင်နေတဲ့သူတွေဆိုရင် သွေးစစ်မယ့် ရက်ချိန်းတွေကို မပျက်ပါစေနဲ့။ မိမိရဲ့ လက်ရှိ ပိုးကောင်ရေအခြေအနေ၊ စီဒီဖိုး အရေအတွက်တွေကို မေးမြန်းပြီး မှတ်သားထားပါ။
- သောက်လက်စ ဆေးဘူးပုံ၊ ဆေးမှတ်တမ်းတွေကို ပျောက်သွားရင်လည်း အလွယ်တကူ ရှာရကြည့်ရလွယ်အောင် ဖုန်းထဲ ဓာတ်ပုံရိုက်သိမ်းထားပါ။ အေအာတီဆိုတာ အမျိုးအစား အများကြီးရှိတာမို့လို့ နောက်ပိုင်း ဆရာဝန်အသစ်၊ ဆေးခန်းအသစ်မှာ ပြဖို့ လိုလာတဲ့အချိန် အားလုံး အဆင်သင့်ရှိနေအောင်ပါ။
- အလုပ်အကိုင်၊ နေရပ် အပြောင်းအလဲကြောင့် ပုံမှန် ဆေးသောက်နေကျအချိန်တွေ အရွေ့အပြောင်းလုပ်ဖို့ လိုမယ်ဆိုရင် မိမိဘာသာ မပြောင်းလိုက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှရွှေ့တာ ပိုကောင်းပါတယ်။ လိုအပ်ရင် (အပြင်မှာပြဖို့ အခက်အခဲရှိရင်) တယ်လီကျန်းမာရဲ့ TeleRed HIV အွန်လိုင်းဆေးခန်းမှာ လာတိုင်ပင်ပါ။
- နေမကောင်းဖြစ်လို့ အခြားဆေးတစ်ခုခု တွဲသောက်ဖို့ လိုမယ် သို့မဟုတ် အားဆေးတစ်ခုခု သောက်ချင်တယ်ဆိုရင် ဆေးတွေ ဓာတ်ပြုမှု ရှိ/မရှိ သိဖို့လိုတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။ ကိုယ်ပြနေကျ ဆေးခန်း၊ ဆရာဝန်မဟုတ်ဘူးဆိုရင် လက်ရှိ အေအာတီ ဘာဆေးသောက်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြထားဖို့ လိုပါတယ်။
- ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း နှစ်ယောက်လုံး သွေးကြိုတင်စစ်ထားဖို့၊ ဆေးသောက်လက်စသူတွေ ကိုယ်ဝန်ယူမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ကြိုတိုင်ပင်ဖို့ လိုပါတယ်။
- HIV ပိုးနဲ့အတူ အခြားနာတာရှည်ရောဂါတွေ (ဥပမာ။ သွေးတိုး၊ ဆီးချို၊ သိုင်းရွိုက်၊ လေးဖက်နာ အစရှိတဲ့ ရောဂါ) ရှိတဲ့လူနာတွေဆိုရင်လည်း အဲဒီရောဂါတွေအတွက် ပေးထားတဲ့ဆေးတွေ ပုံမှန်သောက်ဖို့နဲ့ ဆေးအတိုးအလျှော့ ချိန်တာတွေကို ဆရာဝန်တွေနဲ့ ပုံမှန်တိုင်ပင်ပြီး ဂရုစိုက်သင့်ပါတယ်။
- မိမိဆီကို အခြားရောဂါပိုးတွေ ကူးစက်မှုကာကွယ်ဖို့နဲ့ မိမိမှတစ်ဆင့် အခြားသူဆီ ကူးစက်တာလျှော့ချဖို့ လိင်ဆံဆက်တဲ့အခါ အကာအကွယ်သုံးတာ၊ မူးယစ်ဆေးသုံးမိတဲ့အခါ အပ်နဲ့ပစ္စည်းတွေ မျှဝေမသုံးစွဲတာ၊ ကိုယ်ခံအားတွေ ထိခိုက်တတ်တဲ့အတွက် တတ်နိုင်ရင် မူးယစ်ဆေး မသုံးစွဲမိအောင် ကြိုးစားတာ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး မူးယစ်ဆေးဖြတ်တာ၊ တက်တူးထိုးဖို့ ဖြစ်လာတဲ့အခါ တစ်ခါသုံးအပ်၊ တစ်ခါသုံး ဆေးခွက်၊ ဆေးရည်တွေဖြစ်ဖို့ ဂရုစိုက်တာမျိုးတွေ လုပ်ဖို့လိုပါတယ်။
- တတ်နိုင်ရင် ဆေးလိပ်သောက်တာ၊ အရက်သောက်တာကို လျှော့ပါ။ ဖြတ်လို့ရရင် ဖြတ်ပါ။ ဆေးလိပ်သောက်တာက အဆုတ်နဲ့ကိုယ်ခံအားကို ထိခိုက်နိုင်သလို အရက်သောက်တာက ဦးနှောက်ကို လုံလောက်တဲ့အနားယူမှု မရစေပါဘူး။ အရည်အသွေးပြည့်ဝတဲ့ အိပ်စက်ခြင်းကိုလည်း မရစေပါဘူး။
- ပြောနေကျ ဓာတ်ပြားဟောင်း၊ အခြေခံ လူတိုင်းသိတဲ့ဟာဆိုပေမယ့် ထပ်ပြောပါဦးမယ်။ အခွင့်အရေးပေးရင် တစ်နေ့ကို အိပ်ချိန် ၇ နာရီ နဲ့ ၉ နာရီကြား အိပ်ပါ။ ကိုယ်ခန္ဓာပင်ပန်းတဲ့ အလုပ်လုပ်သူတွေ၊ အားကစား များများလုပ်တဲ့သူတွေဆို အိပ်ချိန် ၈ နာရီ၊ ၉ နာရီရှိမှ ရေရှည်အဆင်ပြေမှာပါ။ ကောင်းမွန်ပြီး လုံလောက်တဲ့ အိပ်ချိန်က ကိုယ်ခံအားစနစ်ကို အလွန်အထောက်အကူပြုပါတယ်။ ရေရှည်အိပ်ရေးမဝတာတွေ များနေရင်တော့ ကိုယ်ခံအားဆဲလ် စီဒီဖိုးလေးတွေကို ထိခိုက်ပြီး ကိုယ်ခံအားကျလာနိုင်ပါတယ်။
- တတ်နိုင်သလောက် အစားအသောက်ကို မျှမျှတတ သေချာလေးစားပါ။ ဈေးနှုန်းတူရင်တောင် အလွယ်တကူ အသင့်စား တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေထက် ချက်စားတာ၊ လတ်ဆတ်တဲ့ အစားအစာမျိုးတွေက ပိုကောင်းပါတယ်။
- ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်နေခြင်းကလည်း ကိုယ်ခံအားကို အများကြီး အထောက်အကူပြုပါတယ်။ အားကစားလုပ်လို့ရတဲ့ နေရာမှာဆို ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုလုပ်တာ၊ အခွင့်အရေးပေးရင် ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုး လုပ်တာ၊ အပြင်ထွက်ရ အဆင်မပြေလို့ နေရာမရှိတာမျိုးဆိုရင်တောင် ယိုးဂလုပ်တာ၊ အင်တာနက်ရရင် ယူကျုမှာ ဖော်ပြထားတဲ့ ခန္ဓာကိုယ်ပဲသုံးရတဲ့ လေ့ကျင့်ခန်း (bodyweight workout) လေးတွေလုပ်တာက ကိုယ်ခန္ဓာကျန်းမာရေးသာမက အခု ဗျောင်းဆန်နေတဲ့ ကာလမှာ စိတ်ကျန်းမာရေးကိုပါ အများကြီး အထောက်အကူပြုပါတယ်။
…
…
အေအာတီဆေး စောစောစသောက်ခြင်းနဲ့ မပျက်မကွက်သောက်ဖိုက အရေးကြီးပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးခဏပြတ်တောက်ခဲ့တာမျိုး ရှိလာခဲ့ရင် နေ့စဉ် အခြေခံအကျင့်ကောင်းလေးတွေကလည်း ကိုယ်ခံအား မြန်မြန်မယိုင်လဲဖို အထောက်အကူဖြစ်ကြောင်း ပြောပြချင်တာပါ။
စားတာ၊ အိပ်တာ၊ နားတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ စိတ်ဖိစီးမှုတွေကို နည်းလမ်းမှန်နဲ့ ဖြေလျှော့တာတွေက ဆေးကိုအစားထိုးဖို မဟုတ်ပေမယ့် ဆေးသောက်တာနဲ့ တန်းတူ အရေးကြီးပါတယ်။ အရာအားလုံး ပြီးပြည့်စုံနေအောင် လိုက်ကြိုးစားတာမျိုး မဟုတ်ဘဲ နေ့စဥ်နေ့စဉ် ကိုယ်လုပ်နိုင်တဲ့ အရာလေးတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လေးလုပ်သွားပြီး လိုအပ်တာတွေကို ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးအကူအညီယူရင်း ခက်ခဲတဲ့ကာလမှာ တစ်လှမ်းခြင်း အတူတူရွှေ့ကြဖိုပါ။
နှေးရင်တော့နှေးမယ် . . .
တိုတွေ ဆက်လျှောက်ကြတာပေါ့။
နေကောင်းကျန်းမာ ကိုယ်စိတ်လုံခြုံကြပါစေ…။
ဒေါက်တာမာယာ –


