“ ခြေဖဝါးကြွက်တက်တာကြောင့် သင့်ရဲ့နေထိုင်မှုပုံစံကို အနှောင့်အယှက်မဖြစ်ပါစေနဲ့”

ဖိနပ်တွေ တအားကျပ်နေတာ၊ ရေဓာတ်ခမ်းခြောက်တာ ဒါမှမဟုတ် သွေးလည်ပတ်မှု မကောင်းတာတွေကြောင့် ကြွက်တက်တာတွေ ဖြစ်လာနိုင်ပါတယ်။

ခြေဖဝါးကြွက်တက်တာဟာ ဘယ်အချိန်မဆို သင့်ကို ရုတ်တရက် ရပ်တန့်သွားစေနိုင်ပြီး ခြေသလုံးကြွက်တက်သလိုမျိုးပဲ တော်တော်လေး နာကျင်ရပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ခဏခဏလည်း ပြန်ဖြစ်တတ်ပါသေးတယ်။

ကြွက်တက်တာဟာ အသက်ကြီးလာလေလေ ပိုဖြစ်ပြီး ပိုခံရခက်တယ်ဆိုပေမယ့် တကယ်တမ်းတော့ အန္တရာယ်ရှိတာမျိုး ရှားပါတယ်။

◾️ခြေဖဝါးကြွက်တက်ရခြင်း အကြောင်းရင်းများ

ခြေဖဝါးကြွက်တက်တာဟာ ခြေဖဝါးမှာရှိတဲ့ ကြွက်သားတွေ အလိုအလျောက် ကျုံ့သွားတာကြောင့် ဖြစ်ရတာပါ။ တခြားခြေထောက်နာကျင်မှုတွေနဲ့ မတူဘဲ ကြွက်တက်တာက များသောအားဖြင့် ခဏတာပဲဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လိုမျိုး ခဏခဏဖြစ်နေပြီဆိုရင်တော့ နောက်ကွယ်မှာ တခြားအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ်။

ခြေဖဝါးကြွက်တက်ရတဲ့ အဖြစ်အများဆုံး အကြောင်းရင်း (၇) ချက်ကတော့ . . .

၁။ ဖိနပ်အမျိုးအစား မမှန်တာ

အရမ်းကျပ်တဲ့ ဒါမှမဟုတ် သေးလွန်းတဲ့ ဖိနပ်တွေက ခြေဖဝါးကြွက်တက်တာ၊ ထုံကျဥ်တာနဲ့ ခြေချောင်းလေးတွေ ကွေးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သွေးလည်ပတ်မှုနဲ့ လှုပ်ရှားမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်အပြားကနေ ဒေါက်မြင့်ဖိနပ်ကို ပြောင်းစီးတဲ့အခါမျိုးမှာ သင့်ခြေထောက်က သက်သောင့်သက်သာမရှိတဲ့ အနေအထားမျိုး ရောက်သွားတာကြောင့် ကြွက်တက်နိုင်ပါတယ်။
.

၂။ သွေးလည်ပတ်မှု မကောင်းတာ

ခြေထောက်ဆီကို သွေးစီးဆင်းမှု မလုံလောက်တာက ကြွက်တက်တာ ဒါမှမဟုတ် ထုံကျဥ်တာတွေကို ဖြစ်စေပါတယ်။ အကယ်၍ သင့်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ (ဥပမာ- သွေးကြောပိတ်ရောဂါ) ရှိနေရင် ဒါမှမဟုတ် နှလုံးဆေးတွေ သောက်နေရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သွေးလည်ပတ်မှုပြဿနာအချို့က ကြွက်တက်သလိုမျိုး နာကျင်မှုကို ဖြစ်စေပါတယ်။ လမ်းလျှောက်တဲ့အခါ ပိုဆိုးလာရင် ဒါမှမဟုတ် ကြွက်တက်တာ လုံးဝမရပ်သွားရင်တော့ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
.

၃။ ရေဓာတ်လုံလောက်အောင် မသောက်တာ

ရေဓာတ်ခမ်းခြောက်တာဟာ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး ဓာတ်ဆားဓာတ်တွေကို မညီမမျှ ဖြစ်စေတာကြောင့် ကြွက်သားကျုံ့တာ၊ ကြွက်တက်တာနဲ့ ဝမ်းချုပ်တာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာက ခြေဖဝါးကြွက်တက်ရတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက တစ်ခုပါ။ ကြွက်တက်တာ ခံစားနေရရင် အရင်ဆုံး ရေလုံလောက်အောင် သောက်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့ အရေးကြီးပါတယ်။
.

၄။ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်လွန်းတာ

တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်က ခံနိုင်ရည်ထက်ပိုပြီး အားစိုက်မိတတ်ပါတယ်။ ပုံမှန်ထက်ပိုပြီး လေ့ကျင့်ခန်းတွေ ကြာကြာလုပ်တာ ဒါမှမဟုတ် ခြေထောက်ကို အားအလွန်အကျွံ သုံးတာတွေက ကြွက်သားတင်းခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားဒဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ နာကျင်နေတာကို အတင်းအောင့်ပြီး မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း အကြောလျှော့တာမျိုးတွေ သေချာလုပ်ပေးဖို့ လိုပါတယ်။
.

၅။ အာဟာရဓာတ် မလုံလောက်တာ

ဓာတ်ဆားနဲ့ သတ္ထုဓာတ်တွေက ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီဓာတ်တွေ နည်းနေရင် ခြေထောက်မှာတင်မကဘဲ တခြားနေရာတွေမှာပါ ကြွက်တက်နိုင်ပါတယ်။ ဒါကြောင့်

● Calcium (ကယ်လ်စီယမ်)
● Sodium (ဆိုဒီယမ်)
● Potassium (ပိုတက်စီယမ်) နဲ့
● Magnesium (မဂ္ဂနီစီယမ်) ဓာတ်တွေ လုံလောက်အောင်ရဖို့ အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေဖို့ အာဟာရစုံလင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတာက ပိုကောင်းပါတယ်။
.

၆။ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး

ကိုလက်စထရောကျဆေး(Statins) တွေနဲ့ ဆီးဆေးအချို့က ကြွက်တက်တာကို ဖြစ်စေနိုင်ပါတယ်။ ဆေးအသစ်တစ်ခုခု သောက်ပြီးမှ ရုတ်တရက် ကြွက်တက်တာမျိုး ဖြစ်လာရင် ဆရာဝန်ကို အသိပေးဖို့ လိုပါတယ်။
.

၇။ ခြေဖဝါးပြားတာ (Flat Feet)

ခြေဖဝါးမှာ အခုံးမရှိဘဲ ပြားနေတာကလည်း နာတာရှည် ခြေဖဝါးကြွက်တက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုခြေဖဝါးမျိုးရှိရင် အကြောခဏခဏ လျှော့ပေးတာ ဒါမှမဟုတ် ဖိနပ်ထဲမှာ ခြေဖဝါးအခုအခံလေးတွေ သုံးပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ကြွက်သားတွေကို သန်မာပြီး ပျော့ပျောင်းနေအောင် ထားဖို့လိုပါတယ်။ အကြောလျှော့တာက ဒီအတွက် အဓိကသော့ချက်ပါပဲ။

◾️ခြေထောက်ကြွက်တက်တာကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

ကြွက်တက်တဲ့အခါ ချက်ချင်းသက်သာဖို့နဲ့ ရေရှည်အတွက်ဆိုရင် ဒီနည်းလမ်းလေးတွေက ထိရောက်ပါတယ်။

● အိမ်တွင်းကုထုံးတွေကို အသုံးပြုပါ။

ချက်ချင်းသက်သာဖို့အတွက် Ibuprofen ဒါမှမဟုတ် Naproxen sodium လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကို သုံးနိုင်ပါတယ်။ တခြားနည်းလမ်းတွေကတော့ Epsom salt (Magnesium sulfate )နဲ့ ခြေထောက်စိမ်တာ၊ ရေနွေးအိတ်ကပ်တာ၊ ရေများများသောက်တာ၊ နှိပ်နယ်ပေးတာနဲ့ ခြေထောက်ကို အားပြုပြီး မတ်တပ်ရပ်ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။
.

● ဖိနပ်ကောင်းကောင်း ရွေးစီးပါ။

အကောင်းဆုံး လမ်းလျှောက်ဖိနပ်ဆိုတာ ခြေဖဝါးအခုံးကို ထောက်ပံ့ပေးနိုင်ပြီး ခြေချောင်းလေးတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။ ယေဘုယျအားဖြင့် ခြေချောင်းလေးတွေ လှုပ်လို့ရရမယ်၊ လမ်းလျှောက်တဲ့အခါ ဘာနာကျင်မှုမှ မရှိတာမျိုး ဖြစ်ရပါမယ်။
.

● အကြောလျှော့တာကို ပိုလုပ်ပေးပါ။

ခန္ဓာကိုယ် ပျော့ပျောင်းအောင် လုပ်တာက နာကျင်တာနဲ့ ကြွက်တက်တာကို သက်သာစေပါတယ်။ ခြေသလုံးအတွက် ကောင်းတဲ့လေ့ကျင့်ခန်းတွေက ခြေဖဝါးအတွက်လည်း ကောင်းပါတယ်။ ဒါတွေက သွေးလည်ပတ်မှု ကောင်းစေပြီး အာရုံကြောတွေကို သန်မာစေပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် ခြေထောက်ကို အကြောလျှော့ပေးပါ။
.

● အာဟာရကို ဂရုစိုက်ပါ။

အာဟာရပြည့်ဝတာက အရိုးအဆစ်နဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ မျှတတဲ့ အစားအသောက်တွေကို စားသုံးတာက သင့်ကျန်းမာရေးအတွက် အမြဲတမ်း အရေးကြီးပါတယ်။

🔹ဆေးရုံဆေးခန်း၊ ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသဖို့လိုမလဲ။

တစ်ခါတလေမှ ကြွက်တက်တာမျိုးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်လို့ ရပါတယ်။ ဒါပေမယ့် ခဏခဏဖြစ်နေရင်၊ အရမ်းနာကျင်ရင် ဒါမှမဟုတ် သောက်နေတဲ့ ဆေးဝါးတွေကြောင့်လို့ သံသယရှိရင်တော့ တခြားရောဂါအခံ ရှိ/မရှိ သိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်တာက အန္တရာယ်ကင်းဖို့ အကောင်းဆုံး လမ်းစဉ်ဖြစ်ကြောင်း အသိပညာပေး တိုက်တွန်းရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်…။

ဒေါက်ပီ (တယ်လီကျန်းမာ)

Reference: https:// health. clevelandclinic. org / dont-let-foot-cramps-charley-horses-slow

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here