❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း
Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့ သဘာဝ သယ်ဆောင်သူများပါ။
ဒီ Nipah ဗိုင်းရပ်စ်ကို ရိုးရိုးရှင်းရှင်း ကြိုတင်ကာကွယ်မှုတွေနဲ့တင် ကူးစက်ခံရနိုင်ခြေကို များစွာလျှော့ချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပွားမှု ရှိ/မရှိ မသိသေးပေမယ့် ဒီကာလမှာ အထူးသဖြင့် တောတောင်ဒေသထဲတွေမှာ နေထိုင်နေရသူတွေ၊ တောထဲ ဂူတွေထဲ စစ်ရှောင်နေရသူတွေ၊ အိန္ဒိယနိုင်ငံအတွင်း (သို့) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် အချိန်နှင့်အမျှ ထွက်ပေါ်နေတဲ့သတင်း အချက်အလက်တွေကို သိထားရအောင် ရေးလိုက်ပါတယ်။
…
…
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်း အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာ Nipah ကူးစက်ခံရသူ ၅ ဦး အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ တုန်းကလည်း Kerala ပြည်နယ်မှာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ မှ ၂၀၂၆ အထိ အိန္ဒိယမှာ Nipah ကူးစက်ခံရသူ ၁၀၀ ခန့်ရှိပြီး အဲဒီထဲမှ ထက်ဝက်ကျော် သေဆုံးခဲ့ပါတယ်တဲ့။
ဒါဆို လက်တလောမှာ ကူးစက်မှုအရေအတွက် ၁၀ ဦးအောက်ပဲ ရှိသေးတာကို ဘာလို့ အထူးတလည်ရေးလဲဆိုတော့ ဒီဗိုင်းရပ်စ်က ကူးစက်ခံရပြီဆိုရင် သေဆုံးနှုန်းက ၄၀% နဲ့ ၁၀၀% ကြားရှိလို့ပါ။ ဆိုလိုတာကတော့ ကူးစက်ခံရသူ ၁၀ ဦးရှိတယ်ဆိုရင် အဲ့ထဲမှာ ၄ ဦး ကနေ ၁၀ ဦးအထိ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုတာပေါ့။
လက်ရှိအချိန်မှာ ကာကွယ်ဆေးနဲ့ တိကျတဲ့ ကုသဆေးတွေ မရှိသေးတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်လို့ ဘယ်လိုကာကွယ်ရမလဲ ကြိုသိနေရင် ကောင်းတာပေါ့။
.
ဘယ်လို ကူးစက်နိုင်သလဲ။
- လင်းနို့ ကိုက်စားထားသော သစ်သီးများကို မဆေးဘဲ စားခြင်း
- လင်းနို့၏ ဆီး၊ မစင် သို့မဟုတ် တံတွေး ပေကျံနေသော အစားအစာများ စားသောက်မိခြင်း
- သေချာ မသိမ်းဆည်း/ မသိုလှောင်ထားသော သောက်ရေ/ ထန်းရည်အစိမ်း (ညဘက် လင်းနို့များ လာရောက်သောက်တတ်၊ ဆီးပေါက်ချထားတတ်) ကို မကျိုဘဲ သောက်မိခြင်း
- ကူးစက်ခံထားရသော ဝက်/တိရိစ္ဆာန်များ၏ သွေး၊ တစ်သျှူး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ခြင်း
- ကူးစက်ခံထားရသော လူနာ၏ သွေး၊ ဆီး၊ နှာရည်၊ တံတွေး စသည်တို့နှင့် ထိတွေ့ခြင်း
- လူနာကို ပြုစုစောင့်ရှောက်ရာတွင် နှာခေါင်းစည်း၊ လက်အိပ်စတဲ့ အကာအကွယ်တွေ မပါခြင်း
.
ရောဂါလက္ခဏာများ
ဗိုင်းရပ်စ်ပိုးဝင်ပြီး ၄ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာတွေ စတင်ပေါ်နိုင်ပါတယ်။
အစောပိုင်း လက္ခဏာတွေကတော့ သာမန် တုပ်ကွေး၊ ဖျားနာလက္ခဏာ (ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အော့အန်ခြင်း၊ လည်ချောင်းနာခြင်း) တွေနဲ့ ဆင်ပြီး
ပြင်းထန်လာရင်တော့ . . .
အသက်ရှူကျပ်ခြင်း၊ နမိုးနီးယားကဲ့သို့သော အဆုတ်ရောင် လက္ခဏာတွေပြခြင်း
ဉီးနှောက်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်းမှိန်းနေခြင်း၊ ပုံမှန် စိတ်အခြေအနေမဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒီပြင်းထန်လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် ဒီလက္ခဏာတွေရှိနေပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ အမြန်ဆုံး ပြသဖို့ လိုပါတယ်။
…
…
✅ ဆောင်ရန်၊ ❌ရှောင်ရန်
🍎 အစားအသောက်
✅ သစ်သီးများကို ရေသေချာ ဆေးပြီးမှ စားပါ။
✅ အခွံခွာနိုင်လျှင် ခွာပြီးမှ စားပါ။
✅ ရေကို ကျိုချက်ပြီးမှ သောက်ပါ။
✅ ထန်းရည်၊ ဓနိရည် စသည်တို့ကို ကျိုချက်ပြီးမှ သောက်ပါ။
❌ လင်းနို့ ကိုက်ထားသော၊ တစ်ဝက်တစ်ပျက် စားထားသော သစ်သီးများ မစားပါနှင့်
❌ မြေပေါ်ကျနေသော သစ်သီးများ မစားပါနှင့်
.
🧼 သန့်ရှင်းရေး
✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ (အထူးသဖြင့် အစာ မစားမီ။ တိရိစ္ဆာန်များနဲ့ ထိတွေ့ပြီးနောက်)
✅ တိရိစ္ဆာန်များကိုင်တွယ်ချိန်၊ ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် အကာအကွယ် အဝတ်အစား၊ လက်အိတ်၊ ဖိနပ်တို့ ဝတ်ဆင်ပါ။
✅ ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို ပြုစုရာတွင် နှာခေါင်းစည်း၊ လက်အိတ် သုံးပါ။
❌ လူနာရဲ့ သွေး၊ ဆီး၊ အန်ဖတ် စသည်တို့နဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့။
.
📢 အခြား အရေးကြီးတဲ့အချက်များ
✅ တိရိစ္ဆာန်အစာများကို လင်းနို့များ မရောက်နိုင်သော နေရာများတွင် သိမ်းဆည်းပါ။
✅ ထန်းရည်ခံသော အိုးများ၊ ရေတွင်းများ၊ ရေသိုလှောင်သော နေရာများကို လင်းနို့များ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားပါ။
❌🦇 လင်းနို့များနှင့် မထိတွေ့ပါနဲ့။
❌ စွန့်ပစ်ထားသော အိမ်များ၊ တွင်းများ၊ ဂူများ၊ လင်းနို့ဆွဲသောနေရာများသို့ မသွားပါနဲ့။
❌ လင်းနို့များ စုဝေးနေထိုင်ရာ သစ်ပင်များအောက်မှာ မအိပ်ပါနဲ့၊ အစားအစာ မထားပါနဲ့။
❌ ဖျားနေသော သို့မဟုတ် သေဆုံးနေသော တိရိစ္ဆာန်များကို လက်ဗလာဖြင့် မကိုင်ပါနဲ့။
.
🩺 ဗိုင်းရပ်စ်အသစ်ဆိုပြီး ကြောက်လန့်ဖို့ မဟုတ်ဘဲ သတိထားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ပါ…. ။
.
ချစ်ခြင်းများစွာဖြင့်
ဒေါက်တာဇုန်တူး
References: 📚
World Health Organization (WHO) – Nipah Virus Fact Sheet https:// www. who. int / news-room/ fact-sheets/ detail/ nipah-virus
WHO Disease Outbreak News – Nipah Virus India (2025) https:// www. who. int / emergencies/ disease-outbreak-news/ item/ 2025-DON577
European Centre for Disease Prevention and Control (ECDC) https:// www. ecdc. europa. eu/ en/ infectious-disease-topics/ nipah-virus-disease/ factsheet-nipah-virus-disease
Business Standard – Nipah Virus Cases in West Bengal (January 2026) https:// www. business-standard. com / health/ nipah-virus-outbreak-west-bengal-containment-measures-126012300994_1. html
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


