အံကြိတ်တယ်လို့ ပြောလိုက်ရင် စိတ်တိုတာ ဒါမှမဟုတ် တစ်ခုခုကို အာရုံစိုက်နေတုန်းမှာ သွားတွေကြိတ်နေမိတာအပြင် ကိုယ်တိုင်သတိမထားမိဘဲ ညဘက်အိပ်နေတုန်း အံကြိတ်တာ၊ တစ်နေ့တာ အချိန် တော်တော်များများမှာ အလိုအလျောက် သွားတွေကြိတ်မိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလို ပုံမှန်မဟုတ်တဲ့ အံကြိတ်ခြင်းကို အိပ်နေစဉ်အံကြိတ်ခြင်း (Sleep Bruxism) နဲ့ နိုးနေစဉ်အံကြိတ်ချင်း (Awake Bruxism) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။
…
…
အံကြိတ်ခြင်း ဖြစ်ပွားနှုန်း (Prevalence of Bruxism)
အံကြိတ်ခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ အတော်လေးကို အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ ၂၀၂၄ ခုနှစ်ရဲ့ သုတေသန အချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၂၂% ကျော်ဟာ အံကြိတ်တတ်တဲ့ အလေ့အထ ရှိကြပါတယ်။ မြန်မာနိုင်ငံအတွက် အတိအကျ သုတေသနအချက်အလက်များ မတွေ့ရှိရသေးပေမယ့် အာရှတိုက်မှာတော့ နိုးနေစဉ်အံကြိတ်ခြင်း (awake bruxism) ဟာ ၂၅%၊ အိပ်နေစဉ်အံကြိတ်ခြင်း (sleep bruxism) ဟာ ၁၉% လောက်ရှိတယ်လို့ တွေ့ရှိရပါတယ်။
…
…
အံကြိတ်ခြင်း ဖြစ်ရတဲ့အကြာင်းအရင်း (Common Causes and Related Factors)
အံကြိတ်တဲ့ပြဿနာကို အကြောင်းအရင်းတစ်ခုထဲကြောင့် ဖြစ်တယ်လို့ ပြောဖို့ခက်ပါတယ်။ အများအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတချို့နဲ့ ခန္ဓာကိုယ်ကပြဿနာတချို့ ယှဉ်တွဲသွားတဲ့အခါ အံကြိတ်တဲ့လက္ခဏာ ပေါ်လာတတ်ပါတယ်။
မကြားသေးခင်က သုတေသနတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ ပင်မအာရုံကြောစနစ်ကို ဦးနှောက်က ပုံမှန်မဟုတ်တဲ့ လှုံဆော်မှုတစ်ခုခု ပေးတဲ့အခါ အံကြိတ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ လှုံဆော်မှုမျိုး ဘာကြောင့်ဖြစ်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
👇👇
၁။ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်း
စိတ်ဖိစီးမှု၊ ပူပန်ကြောင့်ကြမှု၊ စိတ်ခဏခဏတိုရ ဒေါသထွက်ရတာနဲ့ စိတ်ပင်ပန်းတာတွေက အံကြိတ်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတွေပါ။
.
၂။ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်း
အပေါ်မေးရိုးနဲ့ အောက်မေးရိုး မညီဘဲစောင်းနေတာ၊ အောက်မေးရိုးက သိသိသာသာ ရှေ့ကိုပိုထွက်တဲ့အခြေအနေတွေ၊ သွားတွေမတည့်ဘဲ အပေါ်အောက်စောင်းပြီး ပေါက်နေတဲ့ အခြအနေမျိုးတွေမှာလည်း အံကြိတ်တဲ့ပြဿနာ ဖြစ်တတ်ပါတယ်။ ချွင်းချက်အနေနဲ့ ဒီလိုအချက်တွေကြောင့် အံကြိတ်ခြင်းဖြစ်တာဟာ ရှားပါးပြီး သုတေသနအားဖြင့် ဆက်စပ်မှုရှိတယ်လို့ ရှာဖွေထားတာလည်း နည်းပါးပါတယ်။ ဒါပေမယ့် ဖယ်ထုတ်ထားလို့မရတဲ့ အကြောင်းအရင်းတစ်ခုအနေနဲ့ ပါ၀င်နေပါတယ်။
.
၃။ ဆေးနဲ့ အစားအသောက်ပုံစံ
စိတ်ကျရောဂါအတွက်သုံးတဲ့ ဆေးအချို့ဟာ ခန္ဓာကိုယ်ကြွက်သားတွေနဲ့ မေးရိုးကြွက်သားတွေအပေါ် သက်ရောက်မှုရှိတဲ့အတွက် အံကြိတ်ခြင်းကိုဖြစ်စေတတ်ပါတယ်။
ကဖိန်းဓာတ် (ကော်ဖီ၊ လက်ဖက်ရည်၊ ဖန်ရည်များတဲ့ ရေနွေးကြမ်း)၊ Alcohol (အရက်၊ ဘီယာ)၊ နီကိုတင်း (ဆေရွက်ကြီး၊ ဆေးလိပ်)၊ Party drugs (Ecstasy, Molly, Coccaine) စတဲ့ ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုအပေါ်သက်ရောက်မှုရှိတဲ့ အစားအစာ၊ ဓာတုပစ္စည်းတွေကလည်း အံကြိတ်ခြင်းအပေါ်မှာ သက်ရောက်မှုရှိတာကို တွေ့ ရပါတယ်။
.
၄။ ရောဂါအခံအခြေအနေ
ရောဂါအခံလို့ ပြောရမယ်ဆိုရင် ရောဂါဆိုတဲ့သဘောက အများကြီးရှိနိုင်ပေမယ့် အံ့ကြိတ်တာနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားလေ့ရှိတဲ့ ရောဂါအချို့ကို ပြောပြပေးချင်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တဲ့ရောဂါ (Obstructive sleep apnea)၊ Parasomnias လို့ခေါ်တဲ့ အိပ်နေစဉ် စကားပြောတာ၊ ရုတ်တရက်လန့်နိုးတာ၊ လမ်းထလျှောက်တာ စတဲ့ မူမမှန်တဲ့အိပ်စက်ခြင်းပြဿနာတွေ ရှိ/မရှိကို ထည့်သွင်းစဉ်းစားရပါတယ်။ အစာအိမ်အက်ဆစ်ကို ပြန်အန်ထွက်စေတတ်တဲ့ စားချဥ့်ပြန်ရောဂါကလည်း အံကြိတ်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး အံကြိတ်တဲ့ဖြစ်စဉ်ကို ပိုးဆိုးစေတတ်တယ်လို့ တွေ့ရှိရပါတယ်။
…
…
ဒီလိုအံကြိတ်တဲ့ကိစ္စက ရောဂါတခုလား။ အံကြိတ်တဲ့ ပြဿနာတိုင်းက ဘေးထွက်ဆိုးကျိုးရှိနေမလား။ ကိုယ်ခန္ဓာကို ဘယ်လိုသက်ရောက်မှုတွေ ရှိနေတာလဲ။
အံကြိတ်ခြင်းကို ရောဂါတစ်ခုဆိုတာထက် ကိုယ်ခန္ဓာမှာဖြစ်တဲ့ မူမမှန်တဲ့လက္ခဏာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။
အံကြိတ်တဲ့ပြဿနာတိုင်းကို ကုသဖို့လိုအပ်တာတော့မဟုတ်ပါဘူး။ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများလို့ဖြစ်တာ၊ ပင်ပန်းတဲ့ရက်မှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကိုတော့ သီးသန့်ကုသမှု ပေးဖို့မလိုပါဘူး။ နောက်ပြီး သွားနဲ့ မေးရိုးတွေ ဖွင့်ဖြိုးဆဲကလေးငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တတ်တဲ့ အံကြိတ်ခြင်းကလည်း ဖွံဖြိုးမှု ပြီးပြီးသွားတဲ့အခါ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲလက္ခဏာတွေ ရှိလာတာ၊ ပိုဆိုးလာတာမျိုးမဖြစ်အောင် သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။
အံကြိတ်တဲ့ အကြိမ်ရေများတဲ့အခါ၊ သွားတွေကိုကြိတ်မိတဲ့ ဝါးအားများတဲ့အခါတွေမှာတော့ နောက်ဆက်တွဲပြဿနာတွေ ရှိလာတတ်ပါတယ်။ ညဘက် အံကြိတ်လေ့ရှိတဲ့သူတွေမှာတော့ မနက်အိပ်ရာထတဲ့အချိန် မေးရိုးတွေတင်းပြီးနာတာ၊ ခေါင်း/နားထင်ကိုက်သလိုခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ နေ့ဘက် အံကြိတ်လေ့ရှိတဲ့လူတွေမှာလည်း အလားတူပြဿနာတွေ ဖြစ်လေ့ရှိပြီး စိတ်ပင်ပန်းတဲ့အချိန်၊ တစ်ခုခုကို အာရုံစိုက်ရတဲ့ နေ့ဘက်အချိန်တွေမှာ ပိုသိသာပါတယ်။
သွားနဲ့ခံတွင်းမှာတော့ သွားကြွေလွှာတွေ ပျက်စီးတာ၊ အပေါ်ယံကြွေလွှာမှာ အက်ရာတွေထင်တာ၊ ပဲ့သွားတာလေးတွေ ဖြစ်တတ်ပါတယ်။ အဲဒီကနေတစ်ဆင့် သွားကျဉ်တဲ့ပြဿနာပါ ရှိလာတတ်ပါတယ်။ အပေါ်သွားနဲ့အောက်သွားကို ဆက်တိုက်ကြိတ်ထားမိတာကြောင့် လျှာဘေးဘက်နဲ့ ပါးအတွင်းဘက်တွေမှာ သွားရာတွေ ထင်နေတတ်ပါတယ်။ ပိုဆိုးတဲ့အခါမှာတော့ မေးရိုးအဆစ်တွေနာတာ၊ ပါးစပ်အဖွင့်အပိတ်ခက်တာ၊ မေးရိုးအဆစ်လှုပ်ရှားတဲ့အချိန်မှာ Clicking sound လို့ခေါ်တဲ့ အဖွင့်အပိတ်သံကြားရတာမျိုးပါ ဖြစ်လာနိုင်ပါတယ်။
ဒီလို နောက်ဆက်တွဲပြဿနာတွေ ရှိလာပြီဆိုရင်တော့ အံကြိတ်ရတဲ့ အကြောင်းအရင်းကိုရှာဖို့နဲ့ လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ဖို့လိုလာပါပြီ။ ဖြစ်တဲ့အကြောင်းအရင်းကိုလိုက်ပြီး ကုသတဲ့နည်းလမ်းတွေလည်း ကွဲပြားလေ့ရှိပါတယ်။ အများအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာကိုပါ ပူးတွဲဖြေရှင်းရလေ့ရှိပါတယ်။
ဖြေရှင်းကုသမှုှုတွေ ပြုလုပ်ရာမှာတော့ . . .
၁။ အံကြိတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတွေကြောင့် အဖြစ်များလေ့ရှိတာမို့ စိတ်ဖိစီးမှုလျှော့ချဖို့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းတွေလုပ်တာ၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့ ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ဖို့လိုအပ်ပါတယ်။
၂။ Behavioral Therapy လို့ခေါ်တဲ့ သိစိတ်နဲ့ အပြုအမူကို ပြောင်းလဲတဲ့ကုသမှုကလည်း နေ့ဘက်အံကြိတ်တတ်တဲ့လူတွေအတွက် ထိရောက်တဲ့ကုသမှုတစ်ခု ဖြစ်ပါတယ်။ အပေါ်သွားအောက်သွားတွေဟာ စားသောက်ချိန်မဟုတ်တဲ့ ပုံမှန်အခြေအနေမှာ ထိနေတာမဟုတ်ဘဲ အနည်းငယ်ခန့်ကွာပြီး နေလေ့ရှိပါတယ်။ ဒါကို Rest position လို့ ခေါ်ပါတယ်။ အံကြိတ်တဲ့လူတွေမှာတော့ စားသောက်နေချိန်မဟုတ်ဘဲ သွားတွေထိကြိတ်နေတတ်တာမို့ Rest Position မှာ သွားလေးတွေရှိနေဖို့ အလေ့အကျင့်လုပ်ပေးရတာပါ။ အံကြိတ်ဖို့ တွန်းအားပေးတတ်တဲ့ အခြအနေတွေမှာ လျှာကိုအာခေါင်နဲ့ထိထားပြီး သွားတွေမထိအောင် လေ့ကျင့်တဲ့နည်းကတော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၃။ Dental Guards (Night Guards) ညဘက်အံကြိတ်တာများလို့ သွားတွေပွန်းတဲ့သူ၊ မေးရိုးတွေတင်းတဲ့သူတွေအနေနဲ့ သွားအစွပ်လေးတွေတပ်ပြီး အိပ်လို့ရပါတယ်။ ဒါကိုတော့ သွားဆရာဝန်တွေအနေနဲ့ လူနာအတွက် လိုအပ်တဲ့အခါ ပြုလုပ်ပေးလေ့ရှိပါတယ်။
၄။ သွားတွေ၊ မေးရိုးတွေ မညီမညာဖြစ်တာ၊ လွဲနေတာကြောင့် ဖြစ်တယ်ဆိုရင်တော့ သွားညှိကုသဖို့ လိုအပ်ပါတယ်။
၅။ ကြွက်သားတင်းတဲ့ပြဿနာအတွက် ကြွက်သားပျော့ပျောင်းစေတဲ့ ဆေးသောက်တာ၊ လိမ်းတာမျိုးလုပ်လို့ရပါတယ်။ ပြင်းထန်တဲ့ အံကြိတ်ခြင်းမျိုးတွေမှာတော့ ကြွက်သားထဲကို ဆေးထိုးတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုကုသမှုတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်အရသာ လုပ်ရမှာဖြစ်ပါတယ်။
၆။ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါအခံတစ်ခုခုနဲ့ ဆက်စပ်နေတာ ဒါမှမဟုတ် တခြားပြဿနာတစ်ခုအတွက် သုံးစွဲရတဲ့ ဆေးဝါးတွေကြောင့် အံကြိတ်တာဖြစ်ရင်တော့ သက်ဆိုင်ရာဆရာ၀န်နဲ့တိုင်ပင်ပြီး ကုသတာ၊ ဆေးအပြောင်းအလဲလုပ်တာမျိုး လိုအပ်ပါတယ်။
…
…
ဒီလောက်ဆိုရင်တော့ အံကြိတ်တဲ့အကြောင်းအရင်းနဲ့ ကုသလို့ရတဲ့နည်းလမ်းတွေကို သိရှိနားလည်သွား လောက်ပြီ ထင်ပါတယ်။ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ပတ်၀န်းကျင်မှာ အံကြိတ်တတ်တဲ့သူတွေရှိရင်လည်း ဒီ Post လေးကို မျှဝေပေးလို့ရပါတယ်။
သွား၊ ခံတွင်းနဲ့ပတ်သက်ပြီး သိချင်တာ တိုင်ပင်ချင်တာရှိရင်လည်း တယ်လီကျန်းမာရဲ့ messenger ကိုဆက်သွယ်ပြီး သွားနှင့်ခံတွင်းဆေးခန်းမှာ Booking ယူကာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


