အစားစားပြီး ဗိုက်တင်းခြင်းဆိုတာ ထမင်းတွေ နှစ်ပန်းကန်သုံးပန်းကန် နင်းကန်စားပြီး ဗိုက်တင်းလာတာ၊ ဘူဖေးဆိုင်မှာ အဝစားပြီး ရင်ပြည့်တာကို ဆိုလိုတာ မဟုတ်ပါဘူးနော်။
စားပြီး ဗိုက်တင်းဗိုက်နာခြင်း (PDS) ဆိုတာ…
အစားကို ပုံမှန်ပဲစား၊ နည်းနည်းပဲစားပြီးရင်တောင် ဗိုက်က အများကြီးစားသလို တင်းပြည့်နေသလို ခံစားရမယ်။ ရင်ဝနားမှာ ဖောင်းနေမယ်။ အစာမကြေဘဲ တောင့်နေသလို ခံစားချက်က တော်တော်နဲ့ ပျောက်မသွားတာမျိုးကို ဆိုလိုပါတယ်။
ဒါဟာ Functional Dyspepsia လို့ခေါ်တဲ့ အစာအိမ်လုပ်ဆောင်မှု မမှန်လို့ဖြစ်ရတဲ့ အစာမကြေရောဂါအုပ်စုထဲမှာ ပါဝင်ပြီး Disorder of Gut brain interaction (DGBI) ခေါ် အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်နွယ်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေထဲက တစ်ခုပါ။
ကံကောင်းတာကတော့ ဒီရောဂါဟာ အသက်အန္တရာယ် မဖြစ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ အလွန်မသက်မသာ ဖြစ်စေတတ်ပါတယ်။
…
…
🍀✅ အစာမကြေရောဂါ ဖြစ်တဲ့သူတွေရဲ့ (၁၀၀) မှာ (၇၀) က Functional Dyspepsia ခေါ် အစာအိမ်လုပ်ဆောင်မှု မမှန်လို့ဖြစ်ရတဲ့ အစာမကြေခြင်းကို ခံစားရသူတွေ ဖြစ်ပါတယ်။ ဒီရောဂါဟာ ဦးနှောက် အာရုံကြောတွေနဲ့ အစာအိမ်ကြား လုပ်ဆောင်မှု ချို့ယွင်းတဲ့ပြဿနာဖြစ်တဲ့အတွက် အနာ၊ ကင်ဆာ၊ အလုံးအကျိတ်တွေမရှိဘဲ အစာအိမ်လုပ်ဆောင်မှု သက်သက်ကပဲ ချို့ယွင်းလို့ဖြစ်တဲ့ ရောဂါပါ။
.
🍀✅ ဖြစ်ပွားနိုင်တဲ့ လက္ခဏာတွေကတော့
- အစားစားပြီး (ပုံမှန်လိုပဲ စားရင်တောင်မှ) ဗိုက်တင်းခြင်း၊ ဗိုက်အောင့်ခြင်း (postprandial distress syndrome)
- ရင်ဝကအောင့်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း (Epigastric pain syndrome) တို့ကို ခံစားရလေ့ရှိပါတယ်။
တချို့သူတွေမှာ ဒီနှစ်မျိုးလုံး ရောပြီးတွေ့ရနိုင်ပါတယ်။ လေတက်ခြင်း၊ လေပွခြင်း၊ အန်ချင်ခြင်းတွေနဲ့ တွဲတတ်ပါတယ်။
အစာစားပြီး လွယ်လွယ်ရင်ပြည့်၊ ဗိုက်တင်းတာကြောင့် အစားကို မစားချင်တော့တာ၊ အစားစားရမှာ ကြောက်တာ၊ အစားလျှော့စားတာ၊ အစားရှောင်တာ တွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။
အစာအိမ်မှန်ပြောင်း ကြည့်တဲ့အခါမှာလည်း ရောဂါ တိတိပပ ရှာမတွေ့ဘဲ ပုံမှန်ဖြစ်နေတတ်ပါတယ်။
(🚨ဒီအချက်ဟာ အခြားရောဂါအပြင်းတွေ မဟုတ်ကြောင်းပြတဲ့ အဓိကအချက်ပါ။)
ROME IV criteria အရ ဒီလိုလက္ခဏာတွေကို . . .
- တစ်ပတ်မှာ အနည်းဆုံး (၃)ရက်လောက် ခံစားနေရမယ်
- အနည်းဆုံး (၃) လထက်ပိုပြီး ခံစားနေရမယ်
- မှန်ပြောင်းကြည့်ခြင်းမှာ အခြား အနာ၊ ကင်ဆာ၊ အလုံးအကျိတ်တွေ မတွေ့ဘူးဆိုရင် Functional dyspepsia လို့ သတ်မှတ်နိုင်ပါတယ်။
…
…
🍀✅ ဘာကြောင့် ဖြစ်တာလဲ။
- အစာအိမ်ဟာ အကျုံ့အဆန့်ကို ပုံမှန်လို ကောင်းစွာမလုပ်တဲ့အတွက် အစားစားသောက်ပြီး ဗိုက်က ပြန် ပျော့ပျောင်းရမယ့်အစား တင်းနေခြင်း
- စားလိုက်တဲ့ အစားအစာက အူထဲရောက်ရမယ့် အချိန်မှာ မရောက်ဘဲ အစာအိမ်ထဲမှာ ပုံမှန်ထက်ပိုကြာကြာ နေနေခြင်း
- အစာအိမ်တွင်း ဇီဝပိုးများ မညီမျှခြင်းကြောင့် လေပွခြင်း
- အစာအိမ်အာရုံကြောများ အာရုံခံစားမှု လွန်ကဲခြင်းကြောင့် အစာနည်းနည်းဝင်တာနဲ့ ဗိုက်တင်းတယ်လို့ ခံစားရခြင်း
- ဦးနှောက်နဲ့ အစာအိမ်လုပ်ဆောင်မှု သဟဇာတမဖြစ်ခြင်း
- နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများခြင်း၊ အလုပ်များခြင်း များ၊ မတည့်သော အစားအသောက်များ၊ ပိုးသတ်ဆေး ခဏခဏ သုံးစွဲခြင်းများနဲ့ ဆက်စပ်တတ်ပါတယ်။
…
…
🍀✅ အန္တရာယ်ရှိလား။
PDS က သင့်ရဲ့အစာအိမ်ကို ပျက်စီးစေမယ့်ရောဂါ မဟုတ်လို့ အန္တရာယ်မရှိနိုင်ပါဘူး။ ကင်ဆာလက္ခဏာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မိမိရဲ့ စားသောက်မှု၊ နေထိုင်မှုနဲ့ နေ့စဉ်ဘဝတွေမှာ ထိခိုက်စေနိုင်ပါတယ်။
ရောဂါအပေါ် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုကြောင့်လည်း ရောဂါပိုးတိုးလာပြီး စိတ်ရောလူရော ပိုလို့ထိခိုက်ရတတ်ပါတယ်။
…
…
🍀✅ ရောဂါကို စစ်ဆေးခြင်း
- အစာအိမ်ရောဂါပိုး (H. pylori) ရှာခြင်း
- အသည်းရောင်ခြင်း၊ မုန့်ချိုအိတ်ရောဂါများနဲ့ သည်းခြေကျောက်တည်ခြင်းကဲ့သို့ ဗိုက်မအီမသာဖြစ်နိုင်သော အခြားရောဂါများကိုရှာဖို့ အာထရာဆောင်းရိုက်ခြင်း
- သွေးအားနည်းခြင်း၊ ဆီးချိုရောဂါ၊ သိုင်းရွိုက် ရောဂါ စသဖြင့် စစ်ခြင်း
- လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ခြင်းများကို ပြုလုပ်ရနိုင်ပါတယ်။
…
…
🍀✅ ကုသခြင်း
PDS or Functional dyspepsia လို့ သတ်မှတ်ရင် ဆရာဝန်တွေက ရောဂါအတည်ပြု စစ်ဆေးခြင်းတွေထက် ရောဂါနဲ့အတူယှဉ်တွဲပြီး ဘယ်လိုနေထိုင်နိုင်မလဲဆိုတာကိုပဲ ဦးတည်ကုသမှာ ဖြစ်ပါတယ်။
လူနာနဲ့ဆရာဝန်ကြား နားလည်မှုမရတဲ့အခါ လူနာတွေက စစ်ဆေးမှုတွေ ပုံမှန်ဖြစ်နေတော့ မိမိမှာ ရောဂါရှာမရဘူးဆိုပြီး စိတ်ပိုပူတာ၊ စိတ်ပိုညစ်တာ၊ ရောဂါမတွေ့တွေ့အောင် လိုက်ရှာတာမျိုး၊ ဆရာဝန်တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Functional dyspepsia တွေကို ကုသတဲ့အခါ လူနာနဲ့ ဆရာဝန်ကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ ချိတ်ဆက်မှုတည်ဆောက်ခြင်းနဲ့ လူနာကိုယ်တိုင် မိမိရဲ့ ရောဂါရဲ့သဘောသဘာဝအကြောင်းကို နားလည်အောင်ပြုလုပ်ခြင်းတို့ဟာ အလွန်အရေးကြီးပါတယ်။
လူနာရဲ့ ခံစားချက်တွေအပေါ် စာနာနားလည်ပေးတဲ့ ကုသမှုမျိုး လိုအပ်သလို လူနာဘက်ကလည်း မိမိရဲ့ရောဂါသဘောကို နားလည်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
…
…
🚨🚨 တကယ်လို့ ဒီလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ ရောဂါကြီးကြီးမားမားတွေ ဖြစ်နိုင်ပါတယ်။
- အစာအန်ခြင်း
- ဗိုက်အောင့်တာ မသက်သာခြင်း
- ရက်ရှည်ဖျားခြင်း
- သိသိသာသာပိန်လာခြင်း
- အစာစားချင်စိတ်မရှိခြင်း၊ အစာ လုံးဝစားမဝင်ခြင်း
- ဝမ်း ကတ္တရာစေးလို အမည်းရောင်သွားခြင်း၊ ကော်ဖီရောင်အန်ခြင်း
- ဝမ်းထဲသွေးပါခြင်း
- အလုံးအကျိတ်ပေါ်ခြင်း
- မိသားစုတွင်းမှာ အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါများ ရှိခြင်း
ဒီလက္ခဏာတွေ ရှိခဲ့ရင်တော့ အနာ၊ ကင်ဆာ၊ အလုံးအကျိတ်၊ ရောင်ရမ်းခြင်း စတဲ့ ရောဂါအဆောက်အအုံတစ်ခုခု ဖြစ်နိုင်လို့ ဒီလိုလက္ခဏာအသစ်တွေ ဖြစ်လာပါက (သို့) မိမိရဲ့ဝေဒနာတွေ ပိုမိုဆိုးရွားလာပါက ဆရာဝန်ထံ စစ်ဆေးသင့်ပါတယ်။ 🚨🚨
…
…
🍀✅ ဒီရောဂါက ပျောက်နိုင်လား။
ပျောက်နိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက် အာရုံကြော အစာခြေစနစ် ပြန်ကောင်းဖို့ အချိန်ကြာတာဖြစ်တဲ့အတွက် ချက်ချင်းမပျောက်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ သင်နဲ့အတူ ယှဉ်တွဲနေထိုင်ရနိုင်ခြေ များပါတယ်။
.
🍀✅ PDS နဲ့ ဘယ်လို ယှဉ်တွဲနေနိုင်လဲ။
သင့်အနေနဲ့ ဘာလုပ်နိုင်သလဲ . . .
၁။ စားသောက်ပုံ ပြောင်းလဲပါ။
တစ်ခါတည်း အများကြီးပြည့်တင်းအောင် မစားသောက်ဘဲ၊ နည်းနည်းနဲ့ အကြိမ်ရေခြားပြီး စားသောက်ပါ။
- အစားကို အလောတကြီး စားခြင်းထက် စားနေစဉ် အေးအေးဆေးဆေး အချိန်ယူ၍ ကြေညက်အောင် ဝါးစားပါ။
- အစားစားရမှာ မကြောက်ပါနဲ့။ မစားဘဲနေခြင်းထက် မိမိခံနိုင်သလောက် နည်းနည်းစီ ခဏခဏ စားပေးပါ။ အစား အလွန်ရှောင်ခြင်းကြောင့် ဗီတာမင်နဲ့ အာဟာရချို့တဲ့ခြင်းက ရောဂါပိုတိုးစေပါတယ်။
- ရောဂါက သက်သာတဲ့အချိန်နဲ့ ပြန်ဖြစ်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ရောဂါဆိုးနေချိန်မှာ ဆီကြော်၊ ဆီပြန်၊ အစပ်အရသာများကို ရှောင်ကြဉ်ပါ။
- ဂက်စ်များသော အချိုရည်များကို ရှောင်ပါ။
- ကော်ဖီကို တစ်နေ့ (၃) ခွက်ထက် ပိုမသောက်ပါနဲ့။
- အရက်၊ ဘီယာ၊ ဆေးလိပ်ကို လျှော့ပါ။
- စားလျှင် ပိုဆိုးစေသော အစားအသောက်များ၊ လေပွလေများစေသော အစားအသောက်များကို မှတ်ထားပြီး ရှောင်ကြည်ပါ။
.
၂။ စားပြီးနောက် တန်းလှဲအိပ်တာ မလုပ်ဘဲ အနည်းငယ် လှုပ်ရှားမှုပြုပါ။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှု အတွက် အချိန်ပေးပါ။ စားပြီး အနည်းငယ် လမ်းလျှောက်ခြင်းက အစာ ပိုကြေစေနိုင်ပါတယ်။
တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်ခန့် တစ်နေ့ကို မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး ပိုအိပ်ပျော်စေပါတယ်။ စိတ်ကြည်လင်စေပါတယ်။
.
၃။ စိတ်ဖိစီးမှု လျှော့ချပါ။
မိမိရဲ့ကိုယ်နဲ့စိတ်ကို သက်သောင့်သက်သာရှိစေမယ့် အသက်ရှူလေ့ကျင့်ခန်းများ၊ စိတ်လေ့ကျင့်ခန်းများ လုပ်ပါ။
ယောဂနဲ့ အသက်ရှူလေ့ကျင့်ခန်းများက အစာအိမ်နဲ့ဦးနှောက်ကြား ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ရင်ဝမ်းခြားကြွက်သားနဲ့ အသက်ရှူခြင်း (Diaphragmatic breathing) လည်း ပြုလုပ်နိုင်ပါတယ်။
လိုအပ်ပါက စိတ်ကျန်းမာရေး ပညာရှင်များရဲ့ အကူအညီကို ယူခြင်းကလည်း ထိရောက်သော နည်းလမ်းဖြစ်ပါတယ်။
.
၄။ အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးပျက်ခြင်းက ဝေဒနာတွေကို ပိုဆိုးစေပါတယ်။ ဖြစ်နိုင်ရင် အိပ်ဆေးစွဲသောက်ခြင်းထက် သဘာဝအတိုင်း အိပ်ပျော်အောင် ကြိုးစားပါ။ ရေများများသောက်ပါ။ ဝမ်းချုပ်မခံပါနဲ့။
.
၅။ ဆရာဝန်အကြံပြုမှုဖြင့် ဆေးဝါးအကူအညီယူပါ။
- အစာအိမ် လှုပ်ရှားမှုကောင်းအောင် ပြုလုပ်တဲ့ဆေးများ
- အစာခြေစနစ် ကောင်းမွန်အောင် ပြုလုပ်သောဆေးများ
- ဗိုက်နာပျောက်ဆေးများ
- လေဆေးများ
- အစာအိမ်ရဲ့ အာရုံခံနိုင်စွမ်းကို ပြန်လည်ထိန်းညှိပေးတဲ့ အာရုံကြောဆေးများ
- ပရိုဘိုင်ရိုတစ်များကို သောက်ရနိုင်ပါတယ်။
အစာအိမ်ပိုးရှိခဲ့ရင် အစာအိမ်ပိုးသတ်ဆေးများ သောက်ရနိုင်ပါတယ်။
…
…
🍀✅ PDS ဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။
ဆရာဝန်နဲ့ လူနာပူးပေါင်းဆောင်ရွက်ပြီး ကုသမှုခံယူရင် သေချာထိန်းညှိနိုင်ပါတယ်။ ပျောက်ကင်းနိုင်ပါတယ်။ မိမိရဲ့ ရောဂါသဘောတရား နားလည်ပြီး ရောဂါကိုသိထားရင် စိတ်ပူတာလျော့ပြီး ရောဂါကို မြန်မြန်ထိန်းညှိနိုင်ပါတယ်။ မတည့်တဲ့ အစားအစာတွေ သိဖို့ Diet diary လုပ်ပြီး မှတ်ထားပါ။
🚨🚨🚨 အရေးကြီး လက္ခဏာတွေ ပေါ်လာခဲ့ရင်တော့ ဆရာဝန်ကို မြန်မြန်ပြန်လည်ပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ 🚨🚨🚨
အထူးကုသမားတော်တစ်ဦး
Telekyanmar
Reference – 📚
Functional Dyspepsia: What It Is, Symptoms & Treatment , my. clevelandclinic . org
Management of functional gastrointestinal disorders , Clin Med (Lond). 2021 Jan;21(1):44–52. doi: 10.7861/ clinmed. 2020-0980
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.