အရွယ်ဟိုင်းတွေကို သနပ်ခါးလိမ်းပေးရတဲ့ ကုသမှုပေါ့😅🙏🙏🙏။

စတာပါ။ စိတ်မဆိုးကြပါနဲ့နော်။ Old but gold လို့ပဲ ကျွန်တော်က ခံယူထားပါတယ်ဗျ။ ကမ္ဘာမှာ ကျွန်တော် အကြွေဆုံး အမျိုးသမီးတွေက J Lo, Kate Winslet, Shakira ပါ။ အသက် ၅၀ ကျော်တွေချည့်ပါပဲ။

အသက် ၅၀ ဝန်းကျင် အမျိုးသမီးများ ကိုယ်ရောစိတ်ပါ ပျော်ရွှင်ကျန်းမာလှပနေဖို့ ကြားဖူးနားဝရှိခဲ့တာလေး ပြောပြချင်လို့ပါ။

အမျိုးသမီးတွေရဲ့ ဘဝမှာ အပြောင်းအလဲ ကြီးကြီးမားမားကြီးက နှစ်ခုရှိတယ်ဗျ။

ပထမအပြောင်းအလဲကတော့ အလွန်လှပပါပေတယ်ပေါ့ဗျာ။ သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ မြီးကောင်ပေါက်အရွယ် အပြောင်းအလဲလေ။ အပျိုဖေါ်ဝင်စအရွယ် အပြောင်းအလဲပေါ့။ ဆေးပညာစကားနဲ့ဆိုရင် puberty လို့ ခေါ်ပါတယ်။ သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်း (အီစထရိုဂျင်) oestrogens တွေ စထွက်တယ်လေ။

Oestrogens ရဲ့ကျေးဇူးကြောင့် နှပ်ချေးတွဲလောင်း ကလေးဘဝကနေ နင်ခုတလောလှလာတယ်၊ နင်ဘယ်နှတန်းရောက်ပြီလဲ၊ နင်တောင်အပျိုကြီး ဖြစ်လို့နေပြီဟယ်ဆိုပြီး လူ့လောကကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်😁😁😀။

ဒုတိယအပြောင်းအလဲက အသက်ငါးဆယ်ဝန်းကျင်မှာ ကြုံရတယ်။

ကလေးမွေးဖွားနိုင်သော အရွယ်ကောင်း အမျိုးသမီး တစ်ယောက်ဘဝကနေ ကလေးမမွေးဖွားနိုင်တော့သော၊ အရွယ်ဟိုင်းသွားသော ကူးပြောင်းမှုတစ်ခုပေါ့။ သွေးဆုံးတယ်လို့ ခေါ်ကြပါတယ်။ ဆေးပညာစကားနဲ့ ပြောရရင် menopause လို့ ခေါ်ပါတယ်။

အကြောင်းရင်းက သားဥအိမ် (ovary) တွေထဲမှာ “မ” မျိုးဥ (ovum) တွေ ကုန်သွားလို့ပါတဲ့။ Oestrogens တွေ မထွက်တော့တာတဲ့။

သွေးဆုံးခြင်းဆိုတာ အဖြစ်အပျက်တစ်ခု (event) မဟုတ်ပါဘူးတဲ့။ ဖြစ်စဉ်ကြီးတစ်ခု (process) ပါတဲ့။ အမျိုးသမီးတစ်ယောက် သွေးဆုံးပြီလို့ ဘယ်အချိန်မှ သေသေချာချာ ပြောနိုင်မလဲဆိုရင် လုံးဝ ရာသီသွေးမပေါ်တော့တာ တစ်နှစ်တင်းတင်းပြည့်မှ ပြောနိုင်ပါမယ်တဲ့။ သွေးထဲက FSH ဟော်မုန်းပမာဏကို တိုင်းကြည့်လို့ ၃၀ ကျော်နေရင်လည်း သွေးဆုံးပြီ ပြောလို့ရပါတယ်တဲ့။

အမျိုးသမီးတစ်ယောက် သွေးဆုံးပြီဆိုရင် တစ်လတစ်ခါ ရာသီမှန်မှန်ပေါ်နေရာကနေ တိခနဲ ရပ်သွားတာ မဟုတ်ပါဘူး။ ကြားထဲမှာ သွေးကစားတဲ့အချိန် (perimenopause) ဆိုတာ ရှိသေးတယ်ဗျ။ တစ်လတစ်ခါ မှန်မှန်လာနေရာကနေ နည်းသွားမယ်။ နှစ်လ၊ သုံးလ ထိမ်ပြီးမှ တစ်ခါပြန်လာမယ်။ ဒီလိုနဲ့ ဝေးဝေးသွားရင်းနဲ့ နောက်ဆုံး ရာသီသွေးလုံးဝမပေါ်တာ တစ်နှစ်ပြည့်ပြီဆိုမှ သွေးဆုံးပြီလို့ စိတ်ချရပါတယ်ဗျ။ မြန်မာပြည်မှာ အမျိုးသမီးများ ပျမ်းမျှသွေးဆုံးသောအသက်သည် ၅၅ နှစ်လို့ မှတ်သားဖူးပါတယ်။

သွေးဆုံးခါနီး စပ်ကူးမတ်ကူးကာလ (perimenopause) မှာ ဘာတွေခံစားရမလဲ။ ဘာကြောင့်လဲ။

ဘာ့ကြောင့်လဲဆိုတော့ oestrogens တွေ နည်းသွားလို့ပါတဲ့။ အမျိုးသမီးတွေရဲ့ တစ်ကိုယ်လုံးမှာ oestrogens ကိုလိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ အများကြီးပါ။ ဆံပင်၊ ဦးနှောက်၊ အရေပြား၊ ရင်သား၊ အရိုး၊ မွေးလမ်းကြောင်း လိင်အင်္ဂါ စသည်ဖြင့်ပေါ့။ ကျွန်တော် မသိတာတွေတောင် အများကြီးရှိပါဦးမယ်။

အပျိုဖော်ဝင်စ အရွယ်ကနေ သွေးဆုံးခါနီးအထိဆိုတော့ နှစ်ပေါင်း ၃၅ – ၄၀ လောက် oestrogens တွေ လုံလုံလောက်လောက်ရပြီး လှပ၊ နေကောင်းနေတဲ့ ဒီအင်္ဂါတွေဟာ oestrogens အရနည်းလာတဲ့အခါ နေမကောင်းတော့ဘူးပေါ့။ oestrogens withdrawal symptoms လို့ ခေါ်ရမလား။

အနှစ် ၂၀ – ၃၀ နေ့တိုင်းအရက်သောက်လာတဲ့ အရက်သမားတစ်ယောက် အရက်ဖြတ်လိုက်ရင် ကတုန်ကရင်၊ နေမထိ ထိုင်မသာ၊ အိပ်မပျော်၊ ကြောင်တောင်တောင် ဖြစ်သလိုပေါ့ဗျာ (ဤကား ကိုယ်တွေ့)။

အဲဒါကြောင့် အမျိုးသမီးတွေ သွေးဆုံးကာနီး oestrogens level တွေ ကျလာရင် ဆံပင်တွေပါးလာမယ်။ သိစိတ်ခံစားမှုကို ထိန်းချုပ်တဲ့ ဦးနှောက်အပိုင်းက oestrogens ငတ်လာတော့ ‌ဘာမဟုတ်တာလေးနဲ့ ဒေါသဖြစ်လွယ်၊ ဝမ်းနည်းလွယ်မယ်။ စိတ်ဖိစီးမှုများမယ်။ စိတ်ဓာတ်ကျမယ်။ အာရုံစူးစိုက်မှု အားနည်းလာမယ်။ မေ့တတ်လာမယ်။ ညည အိပ်မပျော်ဘူး။

ကိုယ်တွင်းကလီစာတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အပိုင်းက oestrogens ငတ်လာရင် ပူလိုက်၊ ချမ်းလိုက်ဖြစ်တယ်။ မီးယပ်ပူ၊ မီးယပ်ချမ်းထတယ်လို့ ခေါ်ကြတယ်။ ရင်တုန်မယ်။ ညည ချွေးထွက်မယ် စသည်ဖြင့်ပေါ့။

အရေပြားတွေ တင်းတင်းရင်းရင်း မရှိတော့ဘူး။ မွေးလမ်းကြောင်း နံရံတွေ၊ ကြွက်သားတွေ ခြောက်သွေ့ ၊ အားနည်းလာတတ်တယ်။ ကလေးတွေကို ရိုးရိုးမွေးထားတဲ့ အမျိုးသမီးတွေမှာဆိုရင် ဆီးအိမ်ကျွံတာ၊ ဆီးမလုံတာတွေ ဖြစ်တတ်တယ်။ တချို့ဆို သားအိမ်ပါ ကျွံကျလာတတ်ပါတယ်။ မွေးလမ်းကြောင်းနံရံတွေ ခြောက်သွားတဲ့အတွက် ယောက်ျားနဲ့ အတူနေရင် အဆင်မပြေတာ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

အရေးအကြီးဆုံးကတော့ အရိုးတွေဗျ။ Oestrogens ငတ်တော့ အရိုးတွေက ပွလာတယ်၊ ဆတ်လာတယ်၊ ကျိုးလွယ်လာတယ်ပေါ့ဗျာ။ ဆေးပညာစကားနဲ့ osteoporosis လို့ ခေါ်ပါတယ်။ ပိန်ပိန်ပါးပါး အမျိုးသမီးများမှာ ပိုတွေ့ရပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ ချော်လဲခဲ့ရင် လက်ကောက်ဝတ်အရိုးနဲ့ ပေါင်ထိပ်ရိုးကျိုးတာ အဖြစ်များပါတယ်။

အထက်က ပြောခဲ့တာတွေအားလုံး သွေးဆုံးခါနီး အမျိုးသမီးတိုင်း အကုန်ခံစားရမယ်လို့တော့ မဟုတ်ပါဘူး။ ဖြစ်ချင်တဲ့သူ ဖြစ်ချင်တဲ့ဝေဒနာတွေ ဖြစ်မယ်လို့ ဆိုလိုတာပါ။ တချို့ကျတော့လည်း ကံကောင်းတယ်။ ဘာမှမခံစားရဘဲ အရွယ်ဟိုင်းအဖြစ်သို့ မသိလိုက်၊ မသိဘာသာပဲ ကူးပြောင်းသွားကြပါတယ်။

ကုသမှုအနေနဲ့ကတော့ တဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် မီးစင်ကြည့် ကရတာပါပဲ။

အဓိကကတော့ စပ်ကူးမတ်ကူးကာလ သဘာဝပါပဲလို့ နားလည်လက်ခံသွားရင် ဦးနှောက်နဲ့ ပတ်သက်တာတွေကို သိပ်စိတ်မပူတော့ဘူးပေါ့။ အရက်ဖြတ်ခါစမို့ပါ။ ကြာလို့ အကျင့်ရသွားရင် withdrawal symptoms တွေက ပျောက်သွားမှာပါ။

ဆံပင်ပါးတာက ဆံပင်တုသုံး။ အရေပြားက skin care လို့ရပါတယ်။

မွေးလမ်းကြောင်းအတွက်က နံရံကြွက်သားတွေ လေ့ကျင့်ခန်းလုပ်တာ (pelvic floor exercises) ၊ လိမ်းဆေးသုံးတာ၊ ဆီးမလုံ၊ ဆီးအိမ်၊ သားအိမ်ကျွံရင် ပြန်ပင့်တင်တဲ့ ရာဘာကွင်းထည့်တာ သို့ ခွဲစိတ်ပြုပြင်တာတွေ လုပ်လို့ရပါတယ်။

အရေးအကြီးဆုံးက အရိုး။ အရိုးပွ အရိုးကျိုးခြင်းက ကာကွယ်ဖို့ weight bearing exercises တွေဖြစ်တဲ့ ရွရွလေးပြေးတာ၊ aerobic ကတာ စတာတွေ လုပ်သင့်ပါတယ်။ Yoga ကစားတာမျိုး၊ Resistant training လုပ်တာမျိုး ဘယ်လိုလေ့ကျင့်ခန်းမဆို အရိုးကျန်းမာရေးအတွက် အဆင်ပြေနိုင်ပါတယ်။ ဓာတ်စာတွေအနေနဲ့ ပဲပင်ပေါက်၊ ပဲတောင့်ရှည်၊ ရှားစောင်းလက်ပတ်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပေးရမယ်လို့ ဆိုပါတယ်။

HRT (Hormone Replacement Therapy)

Oestrogens ပြန်လည်ဖြည့်တင်းဆေးတွေ သောက်ဖို့သုံးဖို့ အနေနဲ့ကျတော့ ဈေးကွက်ထဲမှာ အမျိုးမျိုး ရှိပါတယ်။

ဆေးဝါးစက်ရုံထုတ် synthetic oestrogens တွေရော၊ သဘာဝ သစ်ဥ၊ သစ်ဖုကထုတ်တဲ့ herbal oestrogens တွေရော အမျိုးမျိုးရှိပါတယ်။ တံဆိပ်တွေကိုတော့ မပြောတော့ပါဘူးနော်။ ဆေးပညာကျင့်ဝတ် (ethic) နဲ့ငြိမှာစိုးလို့။ ဆေးကြော်ငြာသလို ဖြစ်မှာစိုးလို့။

ပိုပြီးအရေးကြီးတာက သွေးဆုံးကာနီး အမျိုးသမီး တစ်ယောက်ချင်းစီရဲ့ ခံစားရတဲ့ဝေဒနာ၊ လိုအပ်ချက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကြောင့် ကုသမှုပုံစံကလည်း တစ်ယောက်ချင်းစီအလိုက် ကွဲပြားပါတယ်။

နောက်ပြီး အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးတွေဆိုတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာမျိုးရိုး၊ သွေးကြောပိတ်ရောဂါ ရှိ/မရှိ၊ သားအိမ်ရှိသေးလား၊ သားအိမ်က အကြောင်းတစ်ခုခုကြောင့် ထုတ်ထားပြီးသားလား စသည်ဖြင့် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။

ဒါကြောင့် HRT ကို လိုချင်တယ်ဆိုရင်တော့ နီးစပ်ရာ သားဖွား၊ မီးယပ်ဆရာဝန်နဲ့ တိုင်ပင်ကြဖို့ပါဗျ။

ကျွန်တော်ရည်ရွယ်တာက ဒီအကူးအပြောင်းကြီးမှာ ဒီလိုတွေရှိတယ် အသိပေးချင်ရုံပါ။

ငါးဆယ်ကျော်တွေအားလုံး လန်းနိုင်ကြပါစေနော်…။

ဒေါက်တာဝသုန်
သားဖွား၊ မီးယပ်ဆရာဝန်

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here