𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။

ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ အစီအရီပေါ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သိရှိနားလည်ထားပြီး ကူးစက်ခံရပါက ရေရှည်သက်ရောက်မှုတွေကို လေ့လာကြည့်ခြင်းဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
.

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက အလိုအလျောက် ပျောက်ကင်းနိုင်လား။

ရောဂါပိုးတော်တော်များကတော့ ကျန်းမာရေးပြဿနာမပေးဘဲ အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းပြီး ကျန်းမာတဲ့ လူအများစုကတော့ (၁) နှစ်၊ (၂) နှစ်အတွင်းမှာ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါကြောင့်လည်း တချို့ဆို ရောဂါပိုးရှိလို့ရှိမှန်းလည်း မသိတာများပါတယ်။

ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေတာများပြီး ရောဂါပိုးရှိမှန်းကိုလည်း မသိနေတာများပါတယ်။ ရောဂါပိုးအမျိုးအစား မတူတာကြောင့် ကူးစက်ခံရသူ အားလုံးတူတူပဲလို့တော့လည်း ပြောလို့မရပါဘူး။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး အမျိုးအစား (၂၀၀) လောက်ရှိပြီး လူခန္ဓာကိုယ်ပေါ် သက်ရောက်မှုကလည်း ကွာခြားပါတယ်။

● အန္တရာယ်နည်းတဲ့ ရောဂါပိုး အမျိုးအစား (𝑯𝑷𝑽 𝒕𝒚𝒑𝒆𝒔 6 & 11) တွေက လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေ နည်းပါတယ်။

● အန္တရာယ်များတဲ့ ရောဂါပိုးအမျိုးအစား (𝑯𝑷𝑽 𝒕𝒚𝒑𝒆𝒔 16, 18, 31, 33, 45, 52 & 58) တွေကတော့ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေကို ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ အန္တရာယ်များတဲ့ ရောဂါပိုးတွေက အခြားကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
.

ဘာကြောင့် တစ်ခါတလေ ရှုပ်ထွေးနေရတာလဲ။

ရောဂါပိုးမွှား အမျိုးအစားပေါ်မူတည်ပြီး အန္တရာယ်ပေးနိုင်မှု ကွာပါတယ်။ ရောဂါပိုး ပျောက်/မပျောက်ဆိုတာက အန္တရာယ်နည်းတဲ့ရောဂါပိုးနဲ့ အန္တရာယ်များတဲ့ရောဂါပိုးဆိုပြီး ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးမှ ပြောလို့ရပါတယ်။

ခုခံအားကျနေသူများမှာတော့ ရောဂါပိုးပျောက်ကင်းဖို့ မလွယ်သလို အိတ်စ်အိုင်ဗွီ ပိုးရှိသူများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးမှုခံယူမည့်သူများတွင်လည်း ရောဂါပိုးပျောက်ကင်းဖို့ ခက်ခဲတဲ့ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။

အန္တရာယ်နည်းတဲ့ရောဂါပိုး အမျိုးအစားတွေက လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေပြီး လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက်မှာ အဖုတွေအလုံးတွေ တွေ့ရမှာဖြစ်ပါတယ်။

အန္တရာယ်များတဲ့ရောဂါပိုးတွေရဲ့ (၁၀) ရာခိုင်နှုန်းခန့်က မပျောက်ကင်းသလို၊ ရောဂါလက္ခဏာ သတိမထားမိဘဲ ရောဂါပိုးရှိနေမှာဖြစ်ပြီး အချိန်ကြာမှ ပြန်ဖြစ်လာတာမျိုးဖြစ်နိုင်ပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့ရောဂါပိုးတွေဟာ သားအိမ်ခေါင်း၊ မိန်းမကိုယ်၊ ပါးစပ်၊ အမျိုးသားလိင်အင်္ဂါ၊ စအို၊ ပါးစပ် အစရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ ဆဲလ်တွေကို ပြောင်းလဲလိုက်နိုင်ပြီး ကင်ဆာအကြိုအဆင့်သို့ ရောက်ရှိစေပါတယ်။

အန္တရာယ်များတဲ့ရောဂါပိုး ကူးစက်ခံရခြင်းက ကင်ဆာဖြစ်လာလိမ့်လို့ အတိအကျပြောလို့ မရပေမယ့် သေချာကုသခြင်း၊ စောင့်ကြည့်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ မပြုလုပ်ပါက ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အထူးသတိထားဖို့လိုတာက အန္တရာယ်များတဲ့ ရောဂါပိုးတွေက ရောဂါလက္ခဏာပြမှာမဟုတ်ဘဲ သားအိမ်ခေါင်းချွဲမြှေးစစ်ခြင်း သို့မဟုတ် လိင်အင်္ဂါကြွက်နို့ပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းကသာ သိရှိနိုင်မှာဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း အန္တရာယ်များတဲ့ရောဂါပိုးတွေက ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။
.

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးကို ကုသလို့ ပျောက်သလား။

ရောဂါပိုး ပျောက်ကင်းအောင်ကုနိုင်တဲ့ တိကျသေချာတဲ့ဆေးတော့ မရှိသေးပါဘူး။ ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ ရောဂါတိုက်ခိုက်ပေးမှုနဲ့ပဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။

အကယ်၍ ရောဂါပိုးက မပျောက်ဘဲရှိနေမယ်ဆိုရင် ကုသနိုင်တဲ့ အခြားနည်းလမ်းတွေကတော့ . . .

  • လိင်အင်္ဂါကြွက်နို့များကိုဖယ်ရှားခြင်း

လိင်အင်္ဂါကြွက်နို့ ဖြတ်ထုတ်ခြင်း သို့မဟုတ် မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်နိုင်ပေမယ့် ရောဂါပိုးက ဆဲလ်တွေကနေ ကြွက်နို့အဖုပေါက်စေခြင်းကို မတားဆီးနိုင်လို့ ကြွက်နို့ ပြန်ဖြစ်ခြင်း/မဖြစ်ခြင်းကိုတော့ အာမခံချက် မပေးနိုင်ပါဘူး။
.

  • ကင်ဆာအကြိုကုသခြင်း

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကင်ဆာဖြစ်စေတဲ့ အခြေအနေ၊ အမျိုးအစားဆိုရင်တော့ အေးခဲခြင်းဖြင့် အန္တရာယ်ရှိသော တစ်ရှုးများကို ဖျက်စီးခြင်းနည်းလမ်း (Cryotherapy) နဲ့ အသားစယူခြင်းက ကင်ဆာအကြိုဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပြီး ကင်ဆာဖြစ်ပွားခြင်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ရောဂါပိုးနဲ့ ပုံမမှန်ဆဲလ်တွေကို စောစီးစွာ သိရှိခြင်းက ကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်မို့ အသက် (၂၁) အထက် အမျိုးသမီးများအနေနဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ အမျိုးသားများအနေနဲ့ကတော့ လိင်အင်္ဂါကြွက်နို့နဲ့ အခြားရောဂါလက္ခဏာများ တွေ့ရှိပါက ရောဂါပိုးစစ်ဆေးစောင့်ကြည့်ခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
.

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်လို့ရမလဲ။

လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်း (အကာအကွယ်အသုံးပြုခြင်း) နဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက ကင်ဆာဖြစ်စေတဲ့ ရောဂါပိုး (၂) မျိုးအပါအဝင် HPV ဗိုင်းရပ်စ်ရောဂါပိုးအမျိုးအစား (၉) မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးတွေကို (ယောက်ျားလေး၊ မိန်းကလေး ၉ နှစ်အထက်မှစပြီး) ကြိုတင်ကာကွယ် ဆေးထိုးထားသင့်ပါတယ်။

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးက လိင်အင်္ဂါကင်ဆာအပြင် 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အခြားသောကင်ဆာများကိုပါ ကာကွယ်ပေးတာကြောင့် အမျိုးသား၊ အမျိုးသမီး အသက် (၄၅) နှစ်မတိုင်ခင်ထိ ကာကွယ်ဆေးထိုးသင့်ပြီး လိင်မှတစ်ဆင့်ကူးစက်သော ရောဂါကူးစက်ခံရနိုင်ခြေများသူများက မဖြစ်မနေ ထိုးထားသင့်ပါတယ်။

ယခင်က ရောဂါပိုးကူးစက်ခံရသူများလည်း ကာကွယ်ဆေးထိုးခြင်းဖြင့် ယခင်ကူးစက်ခံရခြင်း မရှိသေးသော ရောဂါပိုးအမျိုးအစားများကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဒါကြောင့်မို့ ကြိုတင်ကာကွယ်ခြင်းက ဘာမှမကာကွယ်ခြင်းထက် ပိုကောင်းတယ်ဆိုတာ အသိပေးရင်း HPV ဗိုင်းရပ်စ်ပိုးကို ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းလိုက်ပါရ​စေ။

ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ…။

ဒေါက်ပီ (တယ်လီကျန်းမာ)

Reference: 📖
https:// health. clevelandclinic. org / does-hpv-go-away

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here