‎အစားအသောက်တွေကို ရွေးချယ်စားသုံးတဲ့အခါ အဆီများတာတွေကို လျှော့၊ သကြားများတာတွေကို လျှော့၊ ဆိုဒီယမ်များတာတွေကို လျှော့ဆိုပြီး ပြောလေ့ရှိပါတယ်။

‎တကယ်တမ်း ရွေးချယ်ရတဲ့အခါ မုန့်ထုပ်ပေါ်မှာ ပါတဲ့ အချက်အလက်တွေကို ဖတ်ခဲလှပါတယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ စာရေးသူကိုယ်တိုင်လည်း တစ်သက်လုံးမှာ မုန့်ရဲ့အရသာနဲ့ စျေးနှုန်းကိုပဲ ကြည့်ဖြစ်တယ်လို့ ဝန်ခံရမှာပါ။ အာဟာရရှုထောင့်တွေ (Nutrition fact) ကို စပြီးလေ့လာဖြစ်တဲ့ နောက်ပိုင်းမှာတော့ “ အစားအစာတွေ (အသင့်စား ready made ပါကင်ပါပြီးသား) တွေမှာ ဘာက ဘယ်လောက်ဆိုတာ” ကို သတိထား ဖတ်မိလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အံ့ဩခဲ့ရပါတယ်။

‎အပျင်းပြေ စားလိုက်တယ်ဆိုပေမယ့် ခေါက်ဆွဲခြောက်တစ်ထုပ်မှာ ဆိုဒီယမ်တွေက ဘယ်လောက်တောင် များများပါနေတယ်ဆိုတာကို ရုတ်တရက် သတိပြုမိသွားပါတယ်။ အဲဒီနေ့ကဆိုရင် “ ကိုယ် တစ်နေ့လုံးစားတဲ့ ဆိုဒီယမ်တွေဟာ ဒီခေါက်ဆွဲတစ်ထုပ်နဲ့တင် လုံလောက်ပြီလား။ နောက်ထပ်စားမယ့် ထမင်းဟင်းတွေမှာ ဆားထပ်ထည့်ပြီဆိုရင် တစ်နေ့တာ စားသင့်တဲ့ပမာဏကို ကျော်လွန်သွားမှာလား” ဆိုပြီး တွေးမိလိုက်ပါတယ်။

‎ကိုယ့်လိုပဲ ကျန်းမာရေးအသိသတိ ရှိတဲ့သူတွေ၊  ကျန်းမာရေးလိုက်စားပါတယ် ဆိုတဲ့သူတွေတိုင်းလည်း Nutrition fact တွေကို အထူးတလည် ဖတ်မိကြမယ်မထင်ပါဘူး။ ဒါကြောင့် မုန့်ထုပ်တစ်ခုခု စားမယ်ဆိုတိုင်း အနည်းဆုံးတော့ ဒါက ဘယ်လိုမျိုးလဲဆိုတာကို သိရအောင် ဖတ်ပြီးမှ စားစေချင်ပါတယ်။
‎…


‎ဒီလိုပြောလို့ မုန့်သေးသေးလေးတစ်ခုကိုတောင် ဇီဇာကြောင်စေချင်လို့ ပြောတာမဟုတ်ပါဘူး။ ‎မိမိစားတဲ့ အစားအစာကို မိမိအနေနဲ့ သေချာသိရှိပြီး အရသာအပြည့်အဝခံစားကာ စိတ်ချမ်းသာစွာ စားရသင့်ပါတယ်။ စားလိုက်ပြီးမှ မသိလိုက်ရလို့ဖြစ်တာမျိုး၊ သိပေမယ့်လည်း အပြစ်ရှိစိတ် ခံစားရတာမျိုးကို မဖြစ်စေလိုတာပါနော်။

‎မုန့်ထုတ်လုပ်သူတွေအနေနဲ့လည်း အမြဲလိုလို ကျန်းမာရေးနဲ့ ညီညွတ်အောင် (healthy ဖြစ်အောင်) လုပ်ဖို့ဆိုတာ မလွယ်ဘူးကိုး။ သူတို့အနေနဲ့ တာရှည်ခံအောင် လုပ်ရတယ်။ ဒီတော့ ဆားနဲ့သကြားတွေ ပိုထည့်ပါတယ်။ ရောင်းချရာမှာလည်း သူများနဲ့အပြိုင် မိမိရဲ့ကုန်ပစ္စည်းကို ထပ်ကာထပ်ကာ ရွေးချယ်အောင် လူတွေရဲ့ အကြိုက်အရသာတွေဖြစ်တဲ့ သကြားတွေ၊ အချိုမှုန့်အရသာတွေ၊ အငန်ဓာတ်လေးလေးပင်ပင်တွေကို သူ့ထက်ငါ အပြိုင်ထည့်လာပါတော့တယ်။

‎ကဲ… အဲဒီတော့ ဘယ်လိုဘဲဖြစ်ဖြစ် မုန့်ထုပ်လေးတွေ မဝယ်ခင် အရှေ့နဲ့အနောက်မှာပါတဲ့ ရေးထားတာလေးတွေ ဖတ်တဲ့အလေ့အထလေးကို မွေးမြူဖို့ တိုက်တွန်းလိုပါတယ်။
‎…
‎…

‎ကျွန်တော်တို့က Nutrition fact မဖတ်ကြဘူးဆိုတာ တကယ်တော့ အပြစ်မဟုတ်လှပါဘူး။ မြန်မာမုန့်တွေမှာ အခုနောက်ပိုင်းတွေမှ ဘာတွေ ဘယ်လိုပါတယ်ဆိုတာကို ရေးလာကြတာပါ။ ဟိုးအရင်များကဆိုရင် ရိုးရိုး ပလတ်စတစ်လေးထဲမှာ ဒီအတိုင်း ထုပ်ပိုးထားကြတာပဲမို့လား။

‎နောက်တစ်ခုက မြန်မာပြည်ကထုတ်တဲ့ မုန့်ထုပ်တွေရဲ့အရှေ့မှာ သတိပြုစရာ အထူးအထွေဆိုတာမျိုး မထည့်ကြပါဘူး။ ထိုင်းမှာဆိုရင် healthier logo (ဘယ်အရာက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်လဲဆိုတဲ့ တံဆိပ်လိုဂို) ဆိုတာလေးနဲ့ ရွေးချယ်လို့ရပါတယ်။ ဩစီလိုနိုင်ငံဘက်မှာဆိုရင် health score rating (ကျန်းမာ‌ရေးအဆင့်သတ်မှတ်ချက် ရမှတ်) များတာကို ရွေးချယ်လို့ ရပါတယ်။ နောက်ပြီး မုန့်တစ်ထုပ်လုံးမှာ ကယ်လိုရီဘယ်လောက်၊ သကြား ဘယ်လောက်၊ ဆိုဒီယမ်က ဘယ်လောက်ဆိုတာကို အရှေ့ဘက်မှာတင် ဖော်ပြထားတတ်ကြပါတယ်။

‎မြန်မာမုန့်တွေကို ကြည့်ကြည့်မယ်ဆိုရင် အရှေ့ဘက်မှာ ထွေထူးမဖော်ပြထားတဲ့အပြင် မုန့်ထုပ်အနောက်ဘက်က အာဟာရပါဝင်မှုအချက်အလက် (nutrition fact label) မှာလည်း ပါဝင်မှုပမာဏ (serving size) တွေကို ရေးထားတာက ရှုပ်ထွေးနေပါတယ်။ နောက်ပြီး 100g ပေါ်မှာပဲ မူတည်ပြီး ဖော်ပြထားပါတယ်။ ဒီတော့ မုန့်ဆိုင်သွားရင် အာဟာရတန်ဖိုးတွေတွက်ဖို့ calculator တစ်လုံးကိုပါ ဆောင်သွားရမလို ဖြစ်နေပါရော။

‎ဥပမာဆိုရင် ပေါင်မုန့်တစ်လုံး ဆိုပါတော့။ မုန့်ထုပ်တစ်ထုပ်လုံးမှာပါတာက ၁၆၀ ဂရမ်‌ပါ။ သူဖော်ပြထားတာက ၁၀၀ ဂရမ်နဲ့ တွက်ပြထားတာဆိုရင် ဘယ်ဟာမဆို ၁.၆ နဲ့ မြှောက်ရတော့မှာပါ။ Carbohydrate ဘယ်လောက်၊ fat ဘယ်လောက်၊ protein က ဘယ်လောက် စသဖြင့် အပင်ပန်းခံ အားစိုက်ထုတ်ပြီး တွက်နေရပါရောလား။ တကယ်လို့ ကိုယ်က ပေါင်မုန့်တစ်ခုလုံး မကုန်ဘဲ ၃ ပုံ ၁ ပုံပဲ စားဖြစ်တယ် ဆိုပါစို့။ ဘယ်လောက် စားလိုက်မိတယ်ဆိုတာကို တွက်ဖို့ရာက အတော်ရှုပ်ထွေးလာပါပြီ။
‎…
‎…

‎ဒါကြောင့် ဖြတ်လမ်းနည်းလေးတွေကို သင်ပေးပါမယ်။

‎ထိုင်းမှာနေထိုင်သူဖြစ်လို့ ထိုင်းနိုင်ငံထုတ်မုန့်ကို စားမယ်ဆိုရင် မုန့်ထုပ်ရဲ့အရှေ့မှာ ခုနပြောသလို healthier logo လေးပါတာမျိုးကို ရွေးချယ်ပါ။ အရှေ့မှာတင် အကွက်သေးလေး ၄ ကွက်နဲ့ ရေးထားတာလေးကို ဖတ်ကြည့်ပါ။ ထိုင်းလိုဖြစ်နေပေမယ့် အင်တာနက်က ဘာသာပြန် (google translate) နဲ့ ဖတ်တာမျိုးကို လုပ်နိုင်ပါတယ်။ ဖတ်ပါများလာရင် အလိုလို မှတ်မိပြီး ဖတ်တတ်လာပါလိမ့်မယ်။ သူက တစ်ထုပ်လုံးမှာပါတာကို ရေးပြထားလို့ ရှင်းပါတယ် ။


‎ဥပမာ ခေါက်ဆွဲခြောက်အထုပ် ဆိုပါတော့။ အဲဒီ ခေါက်ဆွဲခြောက် တစ်ထုပ်လုံးကိုပြုတ်ပြီး မိမိပဲ စားမယ်ဆိုရင် အဲမှာရေးထားတာတွေ အကုန်လုံးကို မိမိစားလိုက်ပြီ၊ ရရှိပြီလို့ ဆ်ိုလိုပါတယ်။ ရှေ့ဆုံးက ဘယ်လောက် ကယ်လိုရီလို့ ရေးထားတတ်ပါတယ်။ ဒုတိယအကွက်ကတော့ သကြား၊ တတိယက အဆီ၊ နောက်ဆုံး ၄ ခုမြောက်ကတော့ ဆိုဒီယမ်ပါ။ အောက်က % တွေနဲ့ ရေးထားတာကတော့ တစ်နေ့တာလိုအပ်တာရဲ့ ဘယ်လောက် ရာနှုန်းခန့်ရှိတယ်ဆိုတာကို ရေးထားတာပါ။ ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက်မတူလို့ ဖတ်ကြည့်စရာ သိပ်မလိုပါဘူး။ အကြမ်းဖျင်း တွက်တဲ့သဘောပဲ ဖတ်ရင်ရပါပြီ။
‎…
‎…

‎ကဲ… အဲဒီလို အရှေ့မှာ အလွယ်မပါရင်တော့ အနောက်မှာ nutrition fact label ကို သွားကြည့်ရပါမယ်။ မကြည့်ခင်မှာ မုန့်ထုပ်တစ်ခုလုံးက ဘယ်လောက် အလေးချ်ိန်ပါလဲဆိုတာကို မုန့်ထုပ်မှာ ကြိုရှာထားရပါမယ်။ 50 gram တို့ဘာတို့ စသဖြင့် ဖြစ်နိုင်ပါတယ်။ အထဲမှာ အထုပ်လေးတွေနဲ့ ခွဲပြီးပါတာဆိုရင်တော့ (7 g x 12)  စသဖြင့် ရေးတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ အထဲက အထုပ်သေးလေး တစ်ထုပ်က 7 g လို့ရည်ညွှန်းတာပါ။

‎ဒါဆိုရင် nutrition fact label မှာရေးထားတဲ့ serving size ဆိုတာဟာ တစ်ခါစားစာကို ရေးချင်တာပါ။ စာရေးသူကတော့ သူ့ရဲ့ တစ်ခါစားစာကို စိတ်မဝင်စားပါဘူး။ ဘာလို့လဲဆ်ိုရင် ကိုယ်က ဒီမုန့်ကို နည်းနည်းပဲစားတာလည်း ဖြစ်နိုင်သလို အများကြီးစားတာလည်း ဖြစ်နိုင်လို့ပါ။ သူတို့ စားလေ့စားထရှိတဲ့ပုံစံက မိမိနဲ့မတူနိုင်တာမို့ပါ။

‎တကယ်စိတ်ဝင်စားတာကတော့ Serving per package ဆိုတာပါ။ အောက်မှာ ကယ်လိုရီဘယ်လောက်၊ သကြားဘယ်လောက်ဆိုပြီး သူတို့ ဖော်ပြတော့မယ့်ဟာတွေမှာ သူတို့ (serving size) တစ်ခါစားစာအနေနဲ့ပဲ ဖော်ပြပါတော့တယ် (ဒါမှ ဂဏန်းတွေက သေးသွားတာကိုး)။ ဒါပေမယ့် ခုနပြောသလို တစ်ခါစားစာဆိုတာကြီးက မိမိနဲ့ မကိုက်နေပါဘူး။ ကိိုယ်သိချင်တာက ဒီတစ်ထုပ်လုံးဆိုရင် ဘယ်လောက်ပါမှာလဲ ဆိုတာပါပဲ။

‎ဒါဆို ကိုယ်က အထုပ်တစ်ဝက်လောက် စားမိတယ်ဆိုရင် တွက်ချက်လို့ လွယ်ပြီလေ။ ဒါကြောင့် Serving per package မှာ 2 ဆိုရင် ပါဝင်တဲ့အချက်အလက်တွေက မုန့်ထုပ်ရဲ့ တစ်ဝက်ကို ဆိုလိုတာပါ။ 3 ဆိုရင်တော့ မုန့်အကုန်ရဲ့၃ ပုံ ၁ ပုံကိုစားရင် ရမယ့်ဟာတွေပါ။ ဒီလိုမျိုး အလွယ်တကူ၊ အမြန်ဖတ်ကြည့်လို့ရပါတယ်။

‎တကယ်လို့ မုန့်ထုပ်တွေကို တံဆိပ်တစ်ခုနဲ့တစ်ခု ယှဉ်မယ်ဆိုရင် no sugar (သကြားမပါတာ) တွေ၊ no fat (အဆီမပါတာ) တွေ၊ no cholesterol (ကိုလက်စထရောမပါတာ) တွေ စတဲ့ ကြော်ငြာစကားလုံးတွေအစား အဆီမပါဘဲ သကြားတွေများနေတဲ့ ထုတ်ကုန်မျိုးလား၊ ဘယ်ဟာ ဘယ်လောက်ပါလား စတာတွေကိုဖတ်ခြင်းအားဖြင့် ဒီဇိုင်းပုံ (design) ကောင်းရုံ၊ မက်လုံးပေးတတ်ရုံနဲ့ ဂျင်းထည့်မခံရတော့ဘူးပေါ့။
‎…
‎…

‎ဒါ့အပြင် nutrition fact label ကို ဖတ်ခြင်းအားဖြင့် ဘယ်အစားအစာကတော့ ဘယ်လိုသဘာဝပါလားဆိုတာကို သတိပြုမိနိုင်စေပါတယ်။

‎ဥပမာ ခေါက်ဆွဲခြောက််ထုပ်တွေဆိုရင် ဆိုဒီယမ်များတဲ့ သဘာဝရှိပြီး ကိတ်မုန့်တွေဆိုရင် သကြားများတဲ့ သဘာဝရှိတာပေါ့။ ရိုးရိုး ပဲနို့၊ နွားနို့နဲ့ အရသာ (Flavor) တစ်ခုခု (စတော်ဘယ်ရီ အရသာတွေလိုမျိုး) ထည့်ထားတဲ့ ပဲနို့၊ နွားနို့တွေကို ယှဉ်ကြည့်ကြည့်ပါ။ flavor ပါရင် သကြားပါဝင်မှုက ၃ ဆ လောက် ခုန်တက်သွားပါတယ်။

‎စာရေးသူကတော့ အရင်က စတော်ဘယ်ရီနို့ ကြိုက်ပေမယ့် အခုတော့ သကြားတစ်ဘူးမှာ ၃၀ ဂရမ်နီးပါးဆိုလို့ လန့်ပြီး ရိုးရိုး full cream နို့ဘူးကိုပဲ ဝယ်သောက်ဖြစ်ပါတော့တယ်။ (ဒါက ကြုံတုန်းလေး တစ်ဖြတ်)

‎ကော်ဖီကြိုက်တတ်သူမို့ အမှုန့်ဖျော်သောက်ရင် ဆိမ့်နေတဲ့ creamer တွေနဲ့မှ အရင်က သောက်ဖြစ်တယ်ပေါ့နော်။ အထုပ်ရဲ့အနောက်မှာ ဖတ်ကြည့်မှ သူက နို့မဟုတ်ဘဲ သကြား၊ အုန်းဆီစတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာတွေနဲ့ လုပ်ထားတာပါလားဆိုပြီး သတိပြုမိ၊ ရှောင်မိပါတယ်။ နောက်ပိုင်း full cream milk သို့မဟုတ် နို့ဘူးနဲ့ ရောသောက်ဖြစ်ပါတယ်။

‎လူတွေရဲ့ စိတ်နေသဘောထားအရ မလုပ်နဲ့ဆိုရင် လုပ်မယ်၊ လုပ်သင့်ပါတယ်ဆိုရင် မလုပ်ချင်ကြတာမျိုးပါ။ ဒါ‌ပေမယ့် ဒါက ဘာလဲ၊ ဘယ်ဟာက ဘာလဲဆိုတာကို သိရှိနားလည်ပြီးရင်တော့ အကျင့်တစ်ခုမွေးမြူဖို့ဆိုတာက မခက်ခဲတော့ပါဘူး။
‎…
‎…

‎လက်ဆောင်အနေနဲ့ ဟိုးအရင်က ဖော်ပြဖူးတာတွေကို ပြန်နွှေးပြီး ပြောပြရရင်တော့

‎လူတစ်ယောက်ဟာ တစ်နေ့တာမှာ

‎- ကယ်လိုရီ ၁၅၀၀-၂၅၀၀ လောက် စားသင့်ပါတယ် ( အခြေအရပ်ရပ်ပေါ်မူတည်ပြီးကွဲပြားနိုင်)။
‎- added sugar သကြားကို လက်ဖက်စားဇွန်း ၆ ဇွန်း သို့မဟုတ် 25 g စားလို့ရပါတယ်။
‎- ဆားကို ဆိုဒီယမ်ဆိုရင် 2000 mg  ၊ sodium chloride – salt အနေနဲ့ဆိုရင် 5 g လက်ဖက်စားဇွန်းတစ်ဇွန်းစာ စားလို့ရပါတယ်။
‎- Fat ကတော့ ကောင်းတဲ့အဆီတွေဆိုရင် ရတယ်။ (အလွယ်မှတ်မယ်ဆိုရင် အပင်ကရတဲ့ဆီတွေဟာ အကုန်ကောင်းပါတယ်။ စားအုန်းဆီ palm oil က လွဲလို့ပေါ့)

‎ဒီလိုမျိုး ချင့်ချိန်စားသုံးသင့်ပါတယ်ဆိုတာကို သတိပြုမိကြဖို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ…။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here