သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။
ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ ဖြစ်ပါတယ်။ ပျားရည်က ရိုးရိုးသကြားထက်စာရင် သဘာဝအရ အနာကျက်စေ၊ အရောင်ကျစေတဲ့ အရာတွေပါဝင်တာမို့ သကြားအစားထိုး သုံးလာကြပါတယ်။ ဟိုး ဘီစီ ၂၀၀၀ ခန့်ထဲက အနာကျက်ဆေးအနေနဲ့ မှီဝဲခဲ့တဲ့ ပျားရည်ကို ယနေ့ခေတ် အနောက်တိုင်းဆေးပညာမှာ အနာကျက်လိမ်းဆေးတွေမှာ ပါဝင်ဖော်စပ်တာမျိုး၊ လည်ပင်းယားပြီး ချောင်းဆိုးတဲ့အခါ ရေနွေးနဲ့ပျားရည် ဖျော်သောက်စေတာမျိုး အကြံပြုထားပါတယ်။
ပျားရည်ကို ဆီးချ်ိုသမားတွေ မှီဝဲလို့ရတယ်လို့ အပြောကောင်းကြပါတယ်။ ဖြစ်စဥ်အမှန်က ပျားရည်မှာ (glucose မဟုတ်တဲ့) fructose ဆိုတဲ့ သကြားဓာတ်တမျိုး ပါဝင်မှုများလို့ အစာစားပြီးနောက် သွေးတွင်း glucose မြင့်တက်နှုန်း (glycemic index) 50 ခန့်သာ ရှိနေတာပါ။ နားလည်အောင်ပြောရရင်တော့ သကြားတစ်ဇွန်းစားရင် သွေးတွင်းဂလူးက်ို့စ် ချက်ချင်းဆောင့်တက်ပေမယ့် ပျားရည်တစ်ဇွန်းသောက်ရင်တော့ ဖြည်းဖြည်းချင်းသာ တက်ပါတယ်။
ဒီအချက်ကြောင့် ပျားရည်ကို ဆီးချိုလူနာများအနေဖြင့် သကြားအစားထိုး စိတ်ချလက်ချ မှီဝဲလို့ရသည်ဟု မဆိုလိုပါ။
ဆီးချိုလူနာတွေအနေနဲ့ ပျားရည်အများကြီး စားလို့မရပါဘူး။ သကြားကို အစားထိုးမယ့်အစား အချိုကို တဖြည်းဖြည်း စိတ်ဖြတ်နိုင်တာပဲ အကောင်းဆုံးပါ။
သကြားဖြူမှာတော့ အာဟာရဓာတ်က အချိုဆိုတာကလွဲလို့ မပါသလောက်ပါပဲ။ ပျားရည်မှာတော့ သဘာဝဓာတ်ပေါင်းတွေပါလို့ နည်းနည်းပိုသာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပျားရည်ကိုလည်း တစ်နေ့မှာ အများကြီး မစားသင့်ပါဘူး။ WHO အကြံပြုချက်အတိုင်း ပေါင် ၁၅၀ ခန့် သာမန်လူတစ်ယောက်က တစ်နေ့တာမှာ သကြား ၂ ဇွန်းထက်ကျော်အောင် မစားသင့်သလိုပဲ ပျားရည်သည်လည်း ထိုနည်းလည်းကောင်းပါပဲ။ (ပျားရည် ၂ ဇွန်း သကြား၂ ဇွန်း မဟုတ်ဘူးနော်… နှစ်မျိုးပေါင်းရင်တောင် စားပွဲတင်ဇွန်း ၂ ဇွန်းလို့ ဆိုလ်််ိုတာပါ)
နောက်တစ်ခု ပျားရည်ရဲ့ပြဿနာက အရောအနှောများတာပါ။ တကယ့်တောထဲက သစ်ခေါင်းထဲမှာရှိတဲ့ ပျားအိမ်ထဲက ပျားရည်ဟာ များများစားစားကြီး ရှိနိုင်မယ်မထင်ပါဘူး။ မွေးမြူမယ်ဆိုရင်တောင် စျေးကွက်လိုအပ်ချက်အရ စျေးများတဲ့အရာဖြစ်မှာပါ။ စျေးကွက်ထဲမှာဆို အခြား သကာရည်နဲ့ ရောကြတာများလို့ ကျန်းမာရေးဆိုးကျိုးက ပိုများနိုင်ပါတယ်။
…
…
ဒီတော့ပျားရည်ကို ဘယ်လိုသုံးစွဲသင့်လဲဆိုရင်တော့…
ပျားရည်အစစ်လို့ ယုံကြည်ရတယ်ဆိုရင် လည်ပင်းနာတဲ့အခါ ရေနွေးနွေးနဲ့ ဖျော်သောက်တာမျိုး လုပ်နိုင်ပါတယ်။
ကော်ဖိီထဲ ထည့်ဖျော်တာမျိုး လုပ်တတ်ရင်လည်း ပျားရည်ကို ရက်ရက်ရောရော ထည့်တာမဟုတ်ဘဲ အနည်းငယ် စတိလေး လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ထည့်တာမျိုးဆို သင့်တော်ပါတယ်။
မုန့်ပဲသွားရည်စာလေးတွေ pancake အပေါ် သကြားဖြူး/နို့ဆီစမ်းတာအစား ပျားရည်လေး စမ်းစားတာမျိုး၊ ဒိန်ချဉ်က ချဉ်လို့ သကြားရောမယ့်အစား ပျားရည်လေး ဇွန်းသေးတစ်ဇွန်းရောတာမျိုး လုပ်နိုင်ပါတယ်။
သွေးတွင်းအချိုဓာတ် ကျလေ့ရှိတတ်တဲ့သူတွေအနေနဲ့ ပျားရည်က်ို ဆောင်ထားသင့်ပါတယ်။ အချိုကျတာ၊ သတိလစ်တာဖြစ်ရင် ပါးစောင်ထဲ ပျားရည်ငုံနိုင်ပါတယ် (ထမင်းစားဇွန်း တစ်ဇွန်းအရင်ငုံ၊ သက်သာလျှင်တော်၊ မသက်သာလျှင်ထပ်ငုံ စသဖြင့်)
ရိုးသားစွာဝန်ခံရရင် ကိုယ်တွေ့ အတွေ့အကြုံအရတော့ ငယ်စဉ်က နေမကောင်းဖြစ်တော့ နှစ်ချို့ပျားရည် တစ်နေ့တစ်ဇွန်းတိုက်လို့ သောက်ခဲ့ရပါတယ်။ ပျားရည်ဟာ အနံ့အရသာမွှေးပြီးချိုလို့ သောက်လို့ကောင်းပါတယ်။ တကယ်ပဲ ကျန်းမာရေးကောင်းကျိုးရှိခဲ့လားကတော့ မမှတ်မိ မပြောတတ်ပါဘူး။ ကလေးဆိုတော့ အခြားအချိုတွေ ကြိုက်လို့စားဖြစ်မယ့်အစား ဒါလေးက တော်တော်သောက်လို့ကောင်း၊ အဝင်ကောင်းပါတယ်။
နောက်တစ်ခု အကြံပြုရရင်တော့ အဝင်ဆိုးတဲ့ ဆေးတွေနဲ့ တွဲတာမျိုး၊ ခံတွင်းပျက်နေတာမျိုးဆိုလည်း ရေတိုအနေနဲ့ ခဏတစ်ဖြုတ် အနည်းငယ်စီ သောက်မယ်ဆို အန္တရာယ်မရှိပါ။ ဆေးနဲ့ပျားရည် မတည့်တာရှားတဲ့အတွက်ပါ။
ပျားရည်အတွက် အထူးသတိပြုရမှာကတော့ တစ်နှစ်အောက်ကလေးမှာ လုံးဝ (လုံးဝ) တိုက်လို့မရပါ။ ကံမကောင်းရင် botulism လို့ခေါ်တဲ့ လေငန်းသွက်ချာပါဒလိုဖြစ်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။ တစ်နှစ်ကျော်ရင်တော့ ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုစနစ် ဖွံ့ဖြိုးလာလို့ သောက်လို့ရပါတယ်။
မေတ္တာစစ်တောင် ရှားနေတာ၊ ဝက်ဝံနဲ့ပြိုင်လုရတဲ့ ပျားရည်ကရော စစ်နိုင်ပါ့မလား။ စစ်စစ် မစစ်စစ် ဘယ်လိုပဲဖြစ်ဖြစ် အနည်းငယ်စီသာမှီဝဲပြီး တန်ဆေးလွန်ဘေးအနေနဲ့ ချင့်ချိန်ကြပါ။
ပျားရည်ဟာ သကြားနဲ့မတူတဲ့ သကြားတစ်မျိုးပါပဲ…။
အာဟာရဆရာဝန်တစ်ဦး
Reference : 📖
https:// www. bhf. org. uk / informationsupport / heart-matters-magazine/ nutrition/ ask-the-expert/ is-honey-good-for-you
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


