မီးလောင်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုခြင်း အဆင့် (၄) ဆင့်
မီးလောင်ဒဏ်ရာသက်သာလာဖို့ အဆင့် (၄) ဆင့်အနေနဲ့
(၁) အအေးခံခြင်း
(၂) သန့်ရှင်းရေးလုပ်ခြင်း
(၃) ဖုံးအုပ်ခြင်း
(၄) နှစ်သိမ့်ပေးခြင်း ဆိုတာတွေကို လိုက်နာပါ။
မီးဖိုချောင်သုံး မီးဖိုတွေ၊ မီးကင်စက်တွေ၊ ဆံပင်လိပ်တဲ့ ကိရိယာတွေ စသဖြင့် ပူတဲ့အရာတွေက ဘယ်နေရာမဆို ရှိနေတတ်ပါတယ်။ ပြီးတော့ တစ်ပြိုင်နက်တည်းမှာပဲ သင့်အရေပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။
တချို့ မီးလောင်ဒဏ်ရာတွေကတော့ သေးငယ်တဲ့ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့တာ ဒါမှမဟုတ် နာကျင်မှုအသေးစားလောက်ပဲ ရှိတတ်ပေမယ့် တချို့ကတော့ အရေးပေါ်အခြေအနေကြီး ဖြစ်နိုင်ပါတယ်။
မီးလောင်ဒဏ်ရာကုသမှုက ဒဏ်ရာရဲ့ ပြင်းထန်မှုနဲ့ တည်နေရာ စတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်။
…
…
မီးလောင်ဒဏ်ရာကို ဘယ်လိုကုသမလဲ။
ပထမဆုံးအနေနဲ့ မီးလောင်ဒဏ်ရာရဲ့ ပြင်းထန်မှုကို အကဲဖြတ်ရပါမယ်။ ဒါကို အဆင့်သုံးမျိုးနဲ့ ခွဲခြားသတ်မှတ်လေ့ရှိပါတယ်။
● ပထမအလွှာ မီးလောင်ဒဏ်ရာ – ဒါက အရေပြားအပေါ်ယံလွှာလောက်ပဲ ထိခိုက်ပြီး အများအားဖြင့်တော့ ပြင်းထန်မှုမရှိပါဘူး။
ဥပမာအနေနဲ့ကတော့ နေလောင်ဒဏ်ရာ (sunburn) ဒါမှမဟုတ် စားပွဲပေါ်က ပူနေတဲ့ အပူပေးခွက်ကို ခဏလောက် ထိမိလိုက်လို့ ခံစားရတဲ့ နာကျင်မှုမျိုး ဖြစ်ပါတယ်။
.
● ဒုတိယအလွှာ မီးလောင်ဒဏ်ရာ – ဒီလိုမီးလောင်ဒဏ်ရာတွေက အရေပြားရဲ့ အပေါ်ဆုံးလွှာ (epidermis) နဲ့ ဒုတိယအလွှာ (dermis) နှစ်ခုလုံးကို ထိခိုက်ပါတယ်။ အနာက ကွဲပြီး အရည်အိတ် (blister) ပေါက်နိုင်ပါတယ်။ အမာရွတ် ကျန်ခဲ့နိုင်ပါတယ်။ ဒီလိုမီးလောင်ဒဏ်ရာမျိုးဟာ ရေနွေးပူပူတွေ လျှံကျတာမျိုး ဒါမှမဟုတ် ပူနေတဲ့မီးဖိုကို ထိမိတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
.
● တတိယအလွှာ မီးလောင်ဒဏ်ရာ – ဒီလိုမီးလောင်ဒဏ်ရာတွေက အရေပြားကို ကျော်လွန်ပြီး အဆီ၊ ကြွက်သား ဒါမှမဟုတ် အရိုးအထိပါ နက်ရှိုင်းတဲ့ ခန္ဓာကိုယ်တစ်ရှူးတွေအထိ ထိခိုက်နိုင်ပါတယ်။ ထိခိုက်မှုက ပြင်းထန်နိုင်ပြီး မီး၊ ပူလွန်းတဲ့သတ္တုတွေကို အချိန်ကြာကြာ ထိတွေ့မိတာ ဒါမှမဟုတ် လျှပ်စစ်ဓာတ်နဲ့ ဓာတုပစ္စည်းတွေကြောင့် မီးလောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
.
ပထမအလွှာ မီးလောင်ဒဏ်ရာထက် ပိုဆိုးတယ်လို့ သံသယရှိတဲ့ မီးလောင်ဒဏ်ရာတိုင်းကို ဆေးပညာရှင်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။ လျင်မြန်စွာ ကုသပေးခြင်းဟာ ကူးစက်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အချိန်ကြာလေလေ၊ ကူးစက်ရောဂါရနိုင်ခြေ ဒါမှမဟုတ် ကုသမှုကို မှားယွင်းစီမံခန့်ခွဲနိုင်ခြေဟာ ပိုများလာတာကြောင့် “ ဘယ်လိုလုပ်ရမလဲ” ဆိုတာကို မသေချာဘူးဆိုရင်တော့ ခန့်မှန်းပြီး မလုပ်ပါနဲ့။ နီးစပ်ရာဆေးခန်း ဒါမှမဟုတ် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။
…
…
မီးလောင်ဒဏ်ရာ စောင့်ရှောက်မှုအတွက် အဆင့် (၄) ဆင့် (The 4Cs of burn care) ရှိပါတယ်။
အစမှာ ပြောပြခဲ့တဲ့
(၁) အအေးခံခြင်း
(၂) သန့်ရှင်းရေးလုပ်ခြင်း
(၃) ဖုံးအုပ်ခြင်း
(၄) နှစ်သိမ့်ပေးခြင်း ဆိုတဲ့ အဆင့်တွေပါပဲ။
ဒါတွေက မီးလောင်ဒဏ်ရာအတွက် အရေးကြီးတဲ့ အစောပိုင်း ကုသမှုအစီအစဉ်တွေ ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းစီက ပျက်စီးမှုလျှော့ချဖို့၊ နောက်ဆက်တွဲပြဿနာတွေ ကန့်သတ်ဖို့နဲ့ အနာကျက်စေဖို့ အခန်းကဏ္ဍတစ်ခုစီကနေ ပါဝင်ကူညီပေးပါတယ်။
🌴 အအေးခံခြင်း (Cooling)
မီးလောင်တဲ့နေရာကို အားပျော့တဲ့ ရေပိုက်ခေါင်းကရေနဲ့ (၅) မိနစ်ကနေ မိနစ် (၂၀) လောင်းချပေးပါ။ ဒါမှမဟုတ် မီးလောင်တဲ့နေရာကို ရေထဲနှစ်ထားပါ။ ဒါမှမဟုတ် ရေဆွတ်ပဝါကို သုံးပါ။ ဒါက မီးလောင်နေတဲ့ဖြစ်စဉ်ကို ရပ်တန့်စေပြီး တစ်ရှူးတွေပျက်စီးတာနဲ့ နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။
.
🌴 သန့်ရှင်းရေးလုပ်ခြင်း (Cleaning)
အညစ်အကြေး၊ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် မီးလောင်ဒဏ်ရာကို ဆပ်ပြာပျော့ပျော့အသုံးပြုပြီး ရေ ဒါမှမဟုတ် ပိုးသတ်ဆေးရည်နဲ့ အသာအယာ သန့်ရှင်းပေးပါ။ ဒါက ရောဂါပိုးမွှားတွေရဲ့ ကူးစက်မှုအန္တရာယ်ကို လျှော့ချပေးပါတယ်။
.
🌴 ဖုံးအုပ်ခြင်း (Covering)
ပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အနာကို မစေးကပ်တဲ့ ပိုးသတ်ထားတဲ့ ပတ်တီးစ (sterile dressing) နဲ့ ဖုံးအုပ်ပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် အရေပြားအောက်က အာရုံကြောလေးတွေကို လေနဲ့ ထိတွေ့မှုကနေ ကာကွယ်ပေးပြီး နာကျင်မှုကို လျှော့ချပေးပါတယ်။ ဒါ့အပြင် စိုထိုင်းတဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးပြီး အနာကျက်စေမှုကို အားပေးပါတယ်။
.
🌴 နှစ်သိမ့်ပေးခြင်း (Comforting)
မီးလောင်ဒဏ်ရာတွေက နာကျင်ပြီး လူနာကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် ဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen ဒါမှမဟုတ် ပါရာစီတမောလိုမျိုး) ကို သောက်သုံးနိုင်ပါတယ်။ စိတ်တည်ငြိမ်အောင် နေတာကလည်း သင့်ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာဖို့ ကူညီပေးပါတယ်။
.
ပိုမိုပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေအတွက် ဆိုရင်တော့ ထပ်တိုးအဆင့် (၁) ဆင့် ဖြစ်တဲ့ အရေးပေါ် အကူအညီတောင်းခံခြင်း (calling) ကိုလည်း ပြုလုပ်ရပါမယ်။
…
…
❌ မီးလောင်ဒဏ်ရာ ကုသရာမှာ မလုပ်သင့်တဲ့အရာတွေ
● မီးလောင်ဒဏ်ရာပေါ်မှာ ရေခဲ ဒါမှမဟုတ် ရေခဲရေကို ဘယ်တော့မှ မသုံးပါနဲ့။ ဒါက ထိခိုက်တဲ့နေရာဆီကို သွေးစီးဆင်းမှု လျှော့ချပြီး အနာကျက်တာကို နောက်ကျစေနိုင်ပါတယ်။
● ညစ်ပတ်နေနိုင်တဲ့ ရေ (ဥပမာ- မြစ်၊ ချောင်း သို့မဟုတ် ရေကန်ကရေ) နဲ့ မဆေးပါနဲ့။ အဲဒီလိုရေထဲက ဘက်တီးရီးယားတွေဟာ ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
● ကပ်နေတဲ့ အဝတ်အစားတွေကို မီးလောင်ဒဏ်ရာကနေ ဆွဲမဖြုတ်ပါနဲ့။ အတင်းအကျပ်ချွတ်လိုက်ရင် အရေပြားကိုပါ ဆွဲဖြဲသွားပြီး ဒဏ်ရာက ပိုဆိုးသွားနိုင်ပါတယ်။ ဒါတွေကို လုံခြုံတဲ့ပတ်ဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသာ ဖယ်ရှားခွင့်ပေးလိုက်ပါ။
● မီးလောင်ဒဏ်ရာက အရည်အိတ်တွေကို ဘယ်တော့မှ မဖောက်ပါနဲ့။ အရည်အိတ်အောက်က အရေပြားက အလွယ်တကူ ပိုးဝင်နိုင်ပါတယ်။ အရည်အိတ်က သူ့ဘာသာသူ ပေါက်သွားခဲ့ရင်တော့ ဆေးပညာရှင်နဲ့ ပြသနိုင်တဲ့အချိန်အထိ အဲဒီနေရာကို ဖုံးအုပ်ပေးထားပါ။
.
● လိမ်းဆေးတွေ ဒါမှမဟုတ် ဖြန်းဆေးတွေကို ဘယ်တော့မှ မသုံးပါနဲ့။ ထောပတ်၊ ဆီ၊ လိမ်းဆေးတွေနဲ့ အရေးပေါ်ဖြန်းဆေးတွေက သင့်အရေပြားကနေ အပူတွေထွက်ခွာတာကို နှေးကွေးစေပြီး ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။
…
…
ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ။
အရေပြားမျက်နှာပြင်ကို ကျော်လွန်နက်ရှိုင်းသွားတဲ့ မီးလောင်ဒဏ်ရာ ဒါမှမဟုတ် အရေပြားကွဲသွားတဲ့ မီးလောင်ဒဏ်ရာတိုင်းကို ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ ချက်ချင်းပြသရပါမယ်။ ဒါမှသာ မီးလောင်ဒဏ်ရာကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ကုသဖို့ အကူအညီပေးနိုင်သလို ပိုမိုပြင်းထန်တဲ့ ဒဏ်ရာတွေအတွက် နာကျင်မှုသက်သာစေတဲ့ နည်းလမ်းတွေကိုလည်း ပေးနိုင်ပါလိမ့်မယ်။
တကယ်လို့ ဒဏ်ရာဟာ
● အချင်း ၃ လက်မထက် ပိုကျယ်ရင်
● အဆစ်တစ်ခုကို ဖုံးလွှမ်းနေရင်
● မျက်နှာ၊ လည်ပင်း၊ လက် (သို့) ခြေဖဝါးပေါ်မှာ ဖြစ်နေရင်
● နာကျင်မှုက မသက်သာဘဲ ဆက်ရှိနေရင်
● တစ်ပတ် (သို့) နှစ်ပတ်အတွင်း မပျောက်ကင်းသေးရင် ဆေးကုသမှု လိုအပ်နိုင်ပါတယ်။
ဒါ့အပြင် မီးလောင်ဒဏ်ရာတိုင်းမှာ ကူးစက်ရောဂါဖြစ်နိုင်ခြေ ရှိနေတာကြောင့် ဆေးကုသမှုကို အချိန်တိုင်း လိုအပ်လာနိုင်ပါတယ်။
ဒီအတွက် သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့
● ဖျားနာတာ
● ပြည်ထွက်တာ
● နာကျင်မှု ပိုတိုးလာတာ ဒါမှမဟုတ် နာကျင်မှုက ကျယ်လာတာ/တခြားနေရာတွေဆီ ပျံ့နှံ့လာတာမျိုးတွေ ဖြစ်ပါတယ်။
…
…
တကယ်တော့ မီးလောင်ဒဏ်ရာက ပိုဆိုးလေလေ၊ အနာကျက်ဖို့ အချိန်ပိုကြာလေလေပါပဲ။ တတိယအလွှာ မီးလောင်ဒဏ်ရာတွေဟာ လပေါင်းများစွာ ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်ပြီး အရေပြားအစားထိုး ခွဲစိတ်မှုတွေလိုမျိုးကို လိုအပ်နိုင်ပါတယ်။ ပထမအလွှာနဲ့ ဒုတိယအလွှာ မီးလောင်ဒဏ်ရာတွေကတော့ ထိခိုက်မှုပြင်းထန်တဲ့အပေါ် မူတည်ပြီး တစ်ပတ်ကျော်လောက် အချိန်ယူရနိုင်ပါတယ်။
ဒါကြောင့် မီးလောင်ဒဏ်ရာအတွက် “ ရှေးဦးသူနာပြုစုခြင်းနှင့် ကုသမှု” ကို စောစောရလေလေ၊ ရလဒ်ကောင်းလေလေပါပဲဆိုတာကို အသိပေးမျှဝေရင်း စိတ်နှလုံးအပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်…။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference: 📖
https :// health . clevelandclinic . org / how – to – treat- a – burn
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.
